ကရင်ပြည်နယ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာရောင်းရန် ညွှန်ကြား

ကရင်ပြည်နယ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာရောင်းရန် ညွှန်ကြား
ကိုဗစ်ပိုးတွေ့ရှိသည့် ဖားအံမြို့ ရပ်ကွက်ရှိ နေအိမ်ကို ပိတ်ထားစဉ်
ကိုဗစ်ပိုးတွေ့ရှိသည့် ဖားအံမြို့ ရပ်ကွက်ရှိ နေအိမ်ကို ပိတ်ထားစဉ်

ကိုဗစ်-၁၉ ရောဂါကြောင့် ကရင်ပြည်နယ်အတွင်း ရောင်းချနေသည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်၍ စားသောက်ခွင့်မပြုတော့ဘဲ Take- away (ပါဆယ်) စနစ်ဖြင့်သာ ရောင်းချသွားရန် ပြည်နယ်စစ်ကောင်စီက သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူများထံ ညွှန်ကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများအထဲတွင် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ၌ ဆိုင်ထိုင်စားသောက်ခြင်းမှ ကူးစက်ခံရသူများစွာ ပါဝင်လာကြောင်းကို စိစစ်တွေ့ရှိသည့်အတွက် ဆိုင်ထိုင်စားသောက်ခြင်းကို ခွင့်မပြုတော့ကြောင်း ကရင်ပြည်နယ်စစ်ကောင်စီ ဒုတိယညွှန်ကြားရေးမှူး ဦးသက်လွင်က လက်မှတ်ထိုးကာ ဇူလိုင် ၂ ရက်နေ့တွင် ညွှန်ကြားစာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုညွှန်ကြားစာတွင် ဆိုင်ထိုင်သည့်အစား Take- away (ပါဆယ်) စနစ်ဖြင့်သာ ရောင်းချသွားရန်နှင့် ရောင်းချသည့်အချိန်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ စည်းကမ်းချက်နှင့်အညီ တိကျလိုက်နာဆောင်ရွက်စေရေးကို ကြပ်မတ်ဆောင်ရွက်ရန် ဖော်ပြထားသည်။

ဖားအံမြို့ရှိ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက “ကိုဗစ် ပထမလှိုင်းဖြစ်ကတည်းက ဆိုင်က ဖွင့်လိုက်/ပိတ်လိုက် လုပ်ရတယ်။ စစ်အာဏာသိမ်းလိုက်တော့ တစ်ချက်မှ ကောင်းကောင်းမရောင်းရသေးဘူး။ ကျနော်တို့ဆိုင်ကလည်း အဓိက ခရီးသွားဧည့်သည်တွေအတွက် ရည်ညွှန်းထားတယ်ဆိုတော့ ခရီးသွားလည်း ဖားအံမှာ လာတာသိပ်မရှိဘူးဆိုတော့ အဆင်မပြေဘူး။ အခု ကိုဗစ်တတိယလှိုင်း ပါဆယ်စနစ်နဲ့ ပြန်ရောင်းရတော့မယ်ဆိုတော့ ဆိုင်ငှားဖွင့်ရတဲ့ ကျနော်တို့အတွက် ပိုအခက်အခဲရှိသွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုပြန်ဖြစ်ပွားလာသည့် ဗီဇပြောင်း ကိုဗစ်-၁၉ တတိယလှိုင်းသည် ကရင်ပြည်နယ်တွင် ကူးစက်မှု နေ့စဉ်နီးပါးရှိလာသလို ကူးစက်ခံရသူများထဲတွင် သေဆုံးမှုလည်း ရှိလာနေပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။

ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်က “ကိုဗစ်အခြေအနေပြောရမယ်ဆိုရင် ကိုဗစ်က လှိုင်းထနေတဲ့အချိန်ဆိုတော့ အခုချိန်မှာ တွေ့နေရတာတွေရှိတာပေါ့နော်။ မြဝတီ၊ ကော့ကရိတ်၊ ဖားအံလမ်းကြောင်းပေါ်မှာတော့ ဟိုနားတွေ့လိုက်၊ ဒီနားတွေ့လိုက်တာပေါ့။ အစုလိုက်အပြုံလိုက်ကြီးတွေ့တာတော့ ထူးထူးခြားခြား မရှိသေးဘူး။ ဒါပေမယ့် နေ့တိုင်းနေ့တိုင်း ရှိနေတယ်၊ တွေ့နေတာပေါ့နော်” ဟု ပြီးခဲ့သည့်ရက်အနည်းငယ်က ကေအိုင်စီသို့ ပြောဆိုထားသည်။

လက်ရှိ ကိုဗစ်ကူးစက်ခံရသူများသည် မြို့ပေါ်နေထိုင်သူအပြင် ကျေးရွာများတွင်လည်း ကိုဗစ်ကူးစက်ခံရသူများလာကာ ကရင်ပြည်နယ်တွင် ဇွန်လ ၂၆ ရက်မှစတင်ပြီး ဇူလိုင် ၃ ရက်နေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် စာရင်းအရ ကိုဗစ်ပိုးတွေ့ရှိသူ ၃၉၂ ဦးရှိကာ ထိုအထဲတွင် မြဝတီမြို့နယ်တွင် ကိုဗစ်ကူးစက်ခံရသူ အများဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။

 
 

 

 

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...