တိုက်ပွဲသတင်းကြောင့် ရွှေကုက္ကိုလ်နေပြည်သူများ လုံခြုံရေးစိုးရိမ်

တိုက်ပွဲသတင်းကြောင့် ရွှေကုက္ကိုလ်နေပြည်သူများ လုံခြုံရေးစိုးရိမ်

ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ် အသွင်ပြောင်းလဲလိုက်ပြီး တိုက်ပွဲဖြစ်လာနိုင်သည့်သတင်းကြောင့် ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်နေပြည်သူများ လုံခြုံရေး စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

ရွှေကုက္ကိုလ်မြို့ရှိစစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ ၎င်းတို့အခြေစိုက်နေရာများမှ ထွက်ခွာပြီးနောက် စစ်ရေးခြေ အနေတင်းမာလာနိုင်သဖြင့် KNA တာဝန်ရှိသူများက ပြည်သူများကို တပ်လှန့်အနေအထားအသင့်ပြင် ဆင်ထားရန် သတိပေးပြောဆိုမှုရှိခဲ့သည်ဟု ရွှေကုက္ကိုလ်ဒေသနေထိုင်သူတစ်ဦးက ပြောသည်။

“တစ်ခုခုဖြစ်ရင် ထွက်ပြေးတိမ်းရှောင်လို့ရအောင် အထုပ်တွေပြင်ထားခိုင်းတယ်။ ဖြစ်နိုင်ရင်‌နေရာရွေ့ထားခိုင်းတယ်။ ဘယ်လိုဖြစ်လာမလဲမသိဘူး အဆင်သင့်တော့ လုပ်ထားတယ်”ဟု ၎င်းရွှေကုက္ကိုလ်ဒေသခံက ကေအိုင်စီသို့ ပြောသည်။

ဒေသခံများထံစုံစမ်းမေးမြန်းချက်အရ BGF တပ်ဖွဲ့ဝင်အချို့ သည် KNA ဘက်တံဆိပ်များပြောင်းလိုက်သော်လည်း လက်ရှိတွင် ရွှေကုက္ကိုလ်မြို့ထဲ၌ ပုံမှန်အနေအထားရှိနေသေးသည်။

ထို့အပြင် ကရင်အမျိုးသားရေးကဏ္ဍကို လွတ်လပ်စွာလုပ်ကိုင်နိုင်ရန်အတွက် BGF မှ KNA သို့ အပြောင်းအလဲပြုလုပ်ရခြင်းဖြစ်ပြီး တစ်ဖက်မှပြဿနာရှာမလာသရွေ့ ပုံမှန်တိုင်းဆက်လက်လည်ပတ်နေမည်ဖြစ်ကြောင်းလည်း KNA ဘက်က ဆိုသည်။

KNA တာဝန်ရှိ ဗိုလ်မှူးကြီးနိုင်မောင်ဇော်က “ကျနော်တို့ဘက်တံဆိပ်ပြောင်းလိုက်တယ်ဆိုတာ အပေါ်မှာအရိပ်ကြီးမရှိတော့ဘူး။ လွတ်လွတ်လပ်လပ် ကိုယ့်ပြည်နယ်နဲ့ကိုယ့်အမျိုးသားရေးကို ထဲထဲဝင်ဝင်လုပ်နိုင်ဖို့လုပ်နေတာ။ တစ်ဖက်ကပြဿနာရှာလာရင်တော့ ကိုယ်တွေလည်း မတတ်နိုင်ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုရက်ပိုင်း ရွှေကုက္ကိုလ်မှထွက်ခွာသွားသော စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခင် BGFနှင့် တွဲလျက်တာဝန်ချထားသည့် အရာရှိနှင့်ဆေးတပ်ဖွဲ့ဝင်များဖြစ်ပြီး အထက်မှပြန်ခေါ်သည့်အတွက် ထွက်ခွာသွားကြခြင်းဖြစ်ကြောင်းလည်း KNA ဘက်က ပြောဆိုထားသည်။

လက်ရှိ ရွှေကုက္ကိုလ်မြို့တွင် ကျားဖြန့်နှိမ်နှင်းရေးစတင်လုပ်ဆောင်သည့်အချိန်က စစ်အုပ်စုမှ စေလွှတ်ထားသည့် စစ်အုပ်စုတပ်မ (၄၄) ဗျူဟာတပ်ရင်း(၃)ရင်း ပုံမှန်အတိုင်းဆက်ရှိနေကြောင်း ဒေသတွင်းနှင့် KNA ၏ သတင်းအရင်းအမြစ်ထံမှ သိရသည်။

April 11, 2026
“ကော်သူးလေအစိုးရကို ကော်သူးလေအုပ်ချုပ်ရေးကောင်စီဆိုပြီး ပြောင်းလဲသတ်မှတ်ဖို့ ရှိနေတယ်။...
Photo: KIC
April 11, 2026
ကော်သူးလေဖက်ရယ်ယူနစ်တည်ဆောက်ရေးတွင် အဓိကကျသော တော်လှန်ရေးကာလ ကော်သူးလေ ပဋိဉာဉ်ကို...
Photo: KNU
April 10, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ တပ်မဟာ(၇)၊ ဖားအံခရိုင်အတွင်းရှိ အကျဥ်းထောင်မှ...
April 9, 2026
စစ်ခေါင်းဆောင်မင်းအောင်လှိုင် အစိုးရအသစ်အနေဖြင့်တက်လာအပြီး ကရင်ပြည်နယ်၊ ဖားအံမြို့နယ်...