ကရင်နီတပ်မတော်နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

ကရင်နီတပ်မတော်နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

ကရင်နီတပ်မတော် KA နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ်ထဲတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ပြောသည်။

KNPP နှင့် အာဏာသိမ်း စ်ကောင်စီတပ်တို့ လွိုင်ကော်မြို့နယ်ရှိ ပန်လောင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

၎င်းက “တိုက်ပွဲဖြစ်တယ်လို့တော့ကြားတယ်။ ဒီမနက် ၈ နာရီကျော်မှာဖြစ်တယ်။ လွိုင်ကော်နဲ့ ပွန်ချောင်းကြား ပန်လောင်းကျေးရွာအနီးမှာ လွိုင်ကော်မြို့နယ်ထဲကပဲ လွိုင်ကော်နဲ့ ပွန်ချောင်းကြား ပန်လောင်းဆိုတာ ရွာတစ်ရွာရှိတယ်။ အဲဒီအနီးအနားမှာလို့တော့ ပြောတယ်။ ရွာထဲတော့ မဟုတ်ဘူး” ဟု ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ အတိအကျမသိရသေးကြောင်း အဆိုပါ KNPP ဗဟိုကော်မတီဝင်က ဆိုသည်။

ကရင်နီပြည် လွိုင်ကော်မြို့နှင့် ရှားတောမြို့ကြား ပွန်ချောင်းအနီး ကရင်နီတပ်မတော် မြို့နယ်တပ်နဲ့ စစ်ကောင်စီတပ်တို့အကြား ဇူလိုင်လ ၂ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇွန်လကုန်ကစတင်၍ စစ်ကောင်စီတပ်ဘက်က ကလလတ၊ နယ်ခြားစောင့်တပ်နှင့် PNO အဖွဲ့တို့ပူးပေါင်း၍ လုံခြုံရေးအကြောင်းပြကာ စစ်အင်အားတိုးချဲ့မှုများ လုပ်ဆောင်နေသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု Karenni Information Center (KnIC) က ထုတ်ပြန်ထားသည်။

ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် စစ်အာဏာသိမ်းပြီးနောက် KNPP နှင့် စစ်ကောင်စီတပ်တို့အကြား သုံးကြိမ်မြောက်တိုက်ပွဲဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့က KNPP နှင့် စစ်ကောင်စီတပ်တို့ ဖားဆောင်းမြို့နယ်ထဲတွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး မေလ ၂၇ ရက်နေ့ကလည်း အဆိုပါမြို့နယ်ထဲတွင် နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့သည်။

မေလ ၂၀ ရက်နေ့နောက်ပိုင်းကစတင်ကာ ကယား (ကရင်နီ) ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသအခြေစိုက် PDF တပ်တို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့ပြီး တိုက်ပွဲဖြစ်ပွားလာသည့်နောက်ပိုင်း စစ်ကောင်စီတပ်မှ ကယား (ကရင်နီ) ပြည်နယ်အတွင်းသို့ ဆက်တိုက်ဆိုသလို စစ်အင်အားတိုးချဲ့မှုများကို ပြုလုပ်လာခဲ့သည်ဟု ပြောသည်။

“တိုးချဲ့မှုတွေကတော့ရှိပါတယ်။ ဟိုးဒီ မြို့တွင်းကတည်းကပေါ့နော်။ မိုးဗြဲ၊ ဖယ်ခုံ၊ မိုးဗြဲ နောက်လွိုင်ကော်၊ ခြောက်မိုင် ငါးမိုင် စသဖြင့်ပေါ့။ အဲဒီ ဒေါငံခါးဖြစ်ကတည်းက သူတို့ တဖြည်းဖြည်း တိုးချဲ့လာတယ်လေ။ အဲဒီအပြင် ဒီးမော့ဆိုအရှေ့ခြမ်းလည်း တိုးလာတာတွေရှိတယ်။ ရှားတောအထိ တိုးလာတာတွေရှိတယ်” ဟု အမည်မဖော်လိုသူ KNPP ဗဟိုကော်မတီဝင်က ပြောသည်။

ထိုသို့ စစ်အင်အားတိုးချဲ့မှုများကြောင့် ကယား (ကရင်နီ) ပြည်နယ်ရှိ ဒေသအခြေစိုက် PDF တပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပိုမိုဖြစ်ပွားလာသကဲ့သို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့်လည်း စစ်ကောင်စီတို့ တိုက်ပွားများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ စစ်တပ်မှ အာဏာသိမ်းယူပြီးနောက်ပိုင်း တိုင်းရင်းသားပြည်နယ်များတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလာသကဲ့သို့ တိုင်းဒေသကြီးများတွင်လည်း NUG ကဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။

ထိုပဋိပက္ခများကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ပြည်သူများမှာ စစ်ကောင်စီ၏ ဖမ်းဆီး၊ နှိပ်စက်သတ်ဖြတ်မှုနှင့် ကင်းလွတ်ရာ တောထဲတောင်ထဲနှင့် နေရာဒေသအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်နေရကြရပြီး အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။

 
 

 

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...