အိမ်သစ်တက်မည့်အိမ်ရှိ လူအားလုံးအား စစ်ကောင်စီတပ်ဖွဲ့များက အလုံးအရင်း ဝင်ရောက်ဖမ်းဆီး

အိမ်သစ်တက်မည့်အိမ်ရှိ လူအားလုံးအား စစ်ကောင်စီတပ်ဖွဲ့များက အလုံးအရင်း ဝင်ရောက်ဖမ်းဆီး

ကချင်ပြည်နယ်အတွင်း အိမ်သစ်တက်ပွဲပြုလုပ်ရန်ပြင်ဆင်နေသည့် နေအိမ်တစ်အိမ်အတွင်း စစ်ကောင်စီတပ်များက သေနတ်များပစ်ဖောက်ကာ ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည့်အတွက် အိမ်ရှင်မိသားစုဝင်များနှင့်အတူ ကျေးရွာထဲက ဒေသခံပြည်သူ ၃၀ နီးပါးခန့် ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၁ ရက်နေ့ (ယနေ့) နံနက်ပိုင်း ၄ နာရီကျော်အချိန်ခန့်က ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ နေအိမ်တစ်အိမ်အား စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ပြီး သေနတ်ပစ်ဖောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လုံခြုံရေးအရ အမည်မဖော်လိုသူ မိုင်းနားဒေသခံတစ်ဦးက “အခုလက်ရှိ အုပ်ချုပ်ရေးမှူး ဦးဒိုင်ဒေါင်ရဲ့ အိမ်ရဲ့ ခြံကပ်ရက်၊ မြောက်ဘက်က အိမ်သစ်ပဲ။ အခုလက်ရှိ အုပ်ချုပ်ရေးမှူးရဲ့ မြောက်ဘက်တည့်တည့်အိမ်ပဲ။ ဖမ်းခံရတဲ့ အိမ်ကလည်း ကချင်ပဲ ဟုတ်တယ်။ ဖိတ်စာက ဒီနေ့ရက်မှာပဲ ဆုတောင်းပွဲကတော့ ၁၀ နာရီလောက်မှာ လုပ်မှာပေါ့။ အဲ့ဒါကို ည ၁၁ နာရီလောက်မှာ မီးမှိတ်တယ်လေ။ အဲ့အချိန်ကတည်းက ဝိုင်း ထားပြီးတော့ မနက် ၄ နာရီလောက် သေနတ်ဖောက်ပြီးတော့ ဖမ်းတာ။ အင်း ဖောက်ပြီးမှဖမ်းတာ ၄ နာရီလောက်မှာ။ လူက ၃၀ လောက်လည်းပါတယ်၊ နောက်ပြီးမှ ဘယ်လောက်အသေအချာပါလည်းတော့ မသိဘူး။ အချုပ်ကားတစ်စီးတော့ ပါသွားတယ်လို့ ပြောတယ်လေ” ဟု ပြောသည်။

လာရောက်ဖမ်းဆီးစဉ် အချုပ်ကားပါ ပါလာခဲ့ပြီး အသက် ၁၈ နှစ်အောက်ကလေး ၅ ယောက်ထက်မနည်းအပါအဝင်၊ လူဦးရေ ၃၀ ခန့်အား အဆိုပါအချုပ်ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။

အိမ်ရှင်အပါအဝင် အိမ်သစ်တက်ပွဲတွင် လာရောက်ပြင်ဆင်ချက်ပြုတ်ကူညီပေးနေကြသည့် မိုင်းနားကျေးရွာမှ ရွာသားများနှင့် လူငယ်အချို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယနေ့ ဝင်ရောက်ဖမ်းဆီးခံရသူများမှာ မိုင်းနားကျေးရွာမှ ဒေသခံများသာဖြစ်ပြီး ၎င်းတို့အိမ်အား ဝင်ရောက်ဖမ်းဆီးစဉ် လုံခြုံရေးအပြည့်ဖြင့် အင်အားအလုံးအရင်းသုံးပြီး ပိတ်ဆို့ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

 

“သူတို့က အဲ့မှာနေတာတော့ကြာပြီ။ ဆွေမျိုးအသိုင်းအဝိုင်းနဲ့ပဲ အဲ့မှာနေတာကြာပြီ။ အိမ်က ဆောက်တာတော့ ပြီးထားပြီ။ အဲ့ဒါ အိမ်သစ်တက်ပွဲလုပ်တာ အဲ့ဒါ။ လုံခြုံရေးကတော့ အဲ့ဒီဘေးပတ်ဝန်းကျင် အဝင်/အထွက် မရှိအောင်တော့ အဲ့ဒီလမ်းတွေမှာပိတ်ပြီးတော့ စောင့်ထားတာတွေ့တယ်”

မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုတော့ မသိရသေးဟု ဒေသခံများက ပြောသည်။

မိုင်းနားကျေးရွာက လူငယ်တစ်ဦးကလည်း “ကျနော်တို့ ဒီမနက်အစောကြီး မြစ်ကြီးနားသွားဖို့လုပ်တော့ လမ်းမှာ စစ်သားတွေအများကြီးတွေ့တာ အဲ့လို။ အခု ဖမ်းခံရတဲ့အိမ်မှာလည်း စစ်သားတွေရော၊ လူတွေရောတွေ့တယ်။ အစ ဘာဖြစ်တာလဲဆိုပြီး ကြည့်သေးတယ်။ နောက်တော့ စစ်သားတွေများတော့ အကြာကြီးမကြည့်ရဲဘူးလေနော်။ ဘေးကလူတွေကိုမေးကြည့်တော့ အဲ့ဒီအိမ်သစ်တက်တဲ့အိမ်က လူတွေကို လာဖမ်းတာတဲ့။ အဲ့ဒါ မနက်ကလည်း သေနတ်သံတော့ကြားတာ ဟုတ်တယ်။ အစက ဘာဖြစ်မှန်းမသိဘူး။ နောက်မှ လူလာဖမ်းတာသိရတာ။ မိုင်းနားတစ်လျှောက်လုံး စစ်သားတွေကြီးပဲ။ အများကြီးဟုတ်တယ်” ဟု ၎င်းမြင်တွေ့ခဲ့ရသည်များကို ပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ ယနေ့ သေနတ်ပစ်ဖောက်ပြီး ဝင်ရောက်ဖမ်းဆီးခံခဲ့ရသည့် နေအိမ်မှာ ဦးဇော်အောင်ဆိုသူ၏ အိမ်ဖြစ်ပြီး၊ ယနေ့ မွန်းလွှဲပိုင်းအချိန်ထိ စစ်သားများ အနီးအနားတွင် စောင့်နေသည်ဟု သိရသည်။

မိုင်းနားရွာမှာ မကြာသေးခင်က KIA က လာရောက်တိုက်ခိုက်ခဲ့သည့် ဗလမင်းထင်တံတားအနီးရှိ စုပေါင်းဂိတ်ရှိရာရွာ ဖြစ်သည်။

မြစ်ကြီးနား-ဝိုင်းမော်လမ်းမကြီးပေါ်ရှိ ဗလမင်းထင်တံတားထိပ်က စုပေါင်းဂိတ်အား ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဇွန်လ ၂၃ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့ကလည်း KIA တပ်ရင်း ၁၁ က မြစ်ကြီးနား-နမ္မတီး လမ်းမကြီးပေါ်က မြစ်ကြီးနားမြို့အဝင်ဖြစ်သည့် ၂၁ မိုင် စုပေါင်းဂိတ်ကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...