တိုင်းရင်းသားပြည်နယ်များမှ ထိန်းသိမ်းထားသူ ရာဂဏန်း ပြန်လွတ်

တိုင်းရင်းသားပြည်နယ်များမှ ထိန်းသိမ်းထားသူ ရာဂဏန်း ပြန်လွတ်

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားသည့် မြန်မာနိုင်ငံတဝှမ်းက နိုင်ငံရေးအကျဉ်းသားများအနက် ၂၀၀၀ ကျော်ကို ပြန်လွှတ်ပေးရာ တိုင်းရင်းသားပြည်နယ်အသီးသီးတွင် စုစုပေါင်း ၃၀၀ ကျော်ခန့် လွှတ်မြောက်လာသည်။

ဇွန်လ ၃၀ ရက်နေ့က စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့က စစ်အာဏာသိမ်းဆန့်ကျင်သည့် ဆန္ဒပြသည့်အတွက် ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံနေရသည့်သူများထဲမှ အချို့အား ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားပြည်နယ်များတွင် ပြန်လွှတ်ပေးသူများအထဲ၌ သတင်းထောက်များနှင့် နာမည်ကျော်တက်ကြွလှုပ်ရှားသူများ ပါရှိခြင်းမရှိသေးပေ။

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် ၁၄၅ ဦး၊ ရှမ်းပြည်နယ်တွင် ၅၀ ဦး၊ ကရင်ပြည်နယ်တွင် ၃၉ ဦး၊ ကယား (ကရင်နီ) ပြည်နယ်တွင် ၁၁ ဦး၊ ချင်းပြည်နယ်တွင် ၄၃ ဦး၊ ရခိုင်ပြည်နယ်တွင် ၃ ဦးနှင့် မွန်ပြည်နယ်တွင် ၃၃ ဦး ပြန်လည်လွတ်မြောက်လာသည်။

ယခုစာရင်းမှာ သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနက လက်လှမ်းမှီသလောက် ကောက်ခံရရှိထားသည့် စာရင်းသာဖြစ်သည်။

မြစ်ကြီးနားဒေသခံတစ်ဦးက “တခြားနေရာတွေမှာလိုပါပဲ လွှတ်တာက ညနေလောက်မှ လွှတ်ပေးတယ်။ မနက်ပိုင်းကတည်းက လူတွေက သွားစောင့်နေကြတာ။ တစ်ရာကျော်ပေါ့ ပြန်လွတ်လာတယ်။ အခုလွတ်လာတဲ့အထဲမှာ မြစ်ကြီးနားမှာတော့ သတင်းထောက်တွေမပါဘူး။ နည်းနည်းနာမည်ကြီးတဲ့ ဆန္ဒပြလူငယ်ခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေက မပါဘူးဗျ” ဟု ပြောသည်။

တိုင်းဒေသကြီးအချို့တွင် ဖမ်းဆီးခံထားရသူများအနက် သတင်းထောက်အချို့ လွတ်မြောက်လာခဲ့သော်လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဖမ်းဆီးခံထားရသည့် သတင်းထောက်များ ပြန်လည်လွတ်မြောက်လာခြင်း မရှိပေ။

ကယား (ကရင်နီ) ပြည်နယ်တွင် စစ်ကောင်စီက ဖမ်းဆီးထားသူ ၁၀၀ ကျော်ရှိသည့်အနက် လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်မှ အမျိုးသမီး ၅ ဦး၊ အခြားရပ်ကွက်အချို့က အမျိုးသမီး ၄ ဦး၊ အမျိုးသား ၁ ဦးနှင့် ဖရူဆိုမြို့က အမျိုးသားတစ်ဦး လွိုင်ကော်အကျဉ်းထောင်မှ ဇွန်လ ၃၀ ရက်နေ့က လွတ်မြောက်လာကြသည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းက အခြေအနေနှင့်ပတ်သက်၍လည်း လားရှိုးဒေသခံတစ်ဦးက “ကျနော်တို့ ရှမ်းမြောက်မှာတော့ ကျနော်တို့ လားရှိုးရယ်၊ သီပေါ၊ ကျောက်မဲ၊ မူဆယ် အဲ့ကလူတွေပါတယ်။ နောက်ပြီး မိုးမိတ်လားမသိဘူး လည်းပါတယ်လို့တော့ သိတယ်။ အားလုံးပေါင်းက ရှမ်းမြောက်ဆို ၄၂ ယောက်၊ ရှမ်းတောင်လည်း လွတ်တယ်လို့တော့ပြောတယ်။ အတိအကျတော့ မသိသေးဘူး” ဟု ပြောသည်။

သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနက ကောက်ခံရရှိထားသည့် စာရင်းအရ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၇ ဦးနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၁ ဦး လွတ်မြောက်လာသည်ဟု သိရသည်။

ထို့အပြင် ကရင်ပြည်နယ်တွင်လည်း စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးအရေးယူခံထားရသူများအနက် ၃၉ ဦး လွတ်မြောက်လာပြီး ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့က ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသူ ၃ ဦး လွတ်မြောက်လာသည်ဟု ဒေသအခြေစိုက် သတင်းထောက်အချို့က အတည်ပြုပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ထုတ်ပြန်ထားသည့် စာရင်းအရ ပထမဦးစားပေး ပြန်လည်လွှတ်ပေးမည့်သူမှာ တစ်နိုင်ငံလုံးတွင် ၂၂၉၆ ဦး ဖြစ်သည်ဟု သိရသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံဆုံးဖြတ်ချက်နှင့် နိုင်ငံတာကာဖိအားတစ်ချို့ကြောင့် ၎င်းတို့အတွက် အန္တရယ်မရှိသူဟု ယူဆသူများအား စစ်ကောင်စီက ဦးစားလွတ်ပေးခြင်းဖြစ်နိုင်သည်ဟု နိုင်ငံရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်းမှာ ၅၂၁၀ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၂၂ ဦးက ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု သိရသည်။

 
 

 

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...