မြစ်ကြီးနားအထွက် ၂၁ မိုင်ဂိတ်ကို KIA ဝင်တိုက်

မြစ်ကြီးနားအထွက် ၂၁ မိုင်ဂိတ်ကို KIA ဝင်တိုက်

ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အဝင် ၂၁ မိုင် စုပေါင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၂ ဦး ထိခိုက်သေဆုံးမှုများဖြစ်ပွားခဲ့ဟု သိရသည်။

ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်း ၅ နာရီအချိန်ခန့်က မြစ်ကြီးနားမြို့အဝင်ရှိ ၂၁ မိုင် စုပေါင်းဂိတ်ကို KIA ရင်း ၁၁ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ၊ ရဲတပ်သားသေဆုံးမှုအပြင် အရပ်သားသေဆုံးမှုလည်းရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တာတော့ မနက်အစာပိုင်း ၅ နာရီလောက်မှာဖြစ်တာ။ တိုက်ပွဲကတော့ နာရီဝက်လောက်ကြာမယ်။ အဲ့ဒီဘေးနားမှာ စားသောက်ဆိုင်နှစ်ဆိုင်ရှိတယ်။ အဲ့ဆိုင်နှစ်ဆိုင်က ဆိုင်ပိုင်ရှင်နှစ်ယောက်ကို ထိသွားတယ်တဲ့၊ တစ်ယောက်ကတော့ သေသွားတယ်။ တစ်ယောက်ကတော့ အခု ဆေးရုံမှာရောက်နေပြီ။ ဆေးကုသနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုတွင် ရဲတပ်သားတစ်ဦးသေဆုံးပြီး၊ တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

“နောက်ပြီး ရဲလည်း တစ်ယောက်သေသွားတယ်။ မော်တော်ကားက တစ်စီး မီးလောင်သွားတယ်။ ကားလေးစီးကတော့ သေနတ်နဲ့ပစ်တဲ့အရာတွေ ဖြစ်သွားတယ်။ ပေါက်ကုန်တာပေါ့နော်။ အားလုံးပေါင်းဆိုရင်တော့ ကားက ငါးစီးပေါ့နော်။ အနီးကပ်ဖြစ်ကြတာလို့ပြောတယ်ဗျ အဲ့ကလူတွေပြောတာက” ဟု ဒေသခံက ဆက်ပြောသည်။

မော်တော်ကားတစ်စီး မီးလောင်ပျက်စီးခဲ့ရပြီး လေးစီးမှာ သေနတ်များဖြင့် ပစ်ခတ်ခံခဲ့ရကာ ပျက်စီးသွားသည်ဟု သိရသည်။

“သူတို့ရဲ့ ဂိတ်အဆောက်အဦးတွေလား၊ အဲ့ဒါတွေတော့ မီးလောင်တာမရှိဘူး။ မပျက်စီးဘူး။ နည်းနည်းပါးပါး အထဲမှာ ထိတာလောက်ပဲရှိတယ်။ အဲ့မှာ မီးလောင်တာက မော်တော်ကားပဲလေ။ တစ်စီးပဲ မီးလောင်တာ” ဟု ဒေသခံက ဆက်ပြောသည်။

ထိုသို့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့်အတွက် နံနက်ပိုင်း ၅ နာရီအချိန်ခန့်မှ နံနက် ၁၀ နာရီကျော်အချိန်ခန့်အထိ လမ်းပိတ်ထားခဲ့ရပြီး စစ်ကောင်စီတပ်များက လုံခြုံရေးအပြည့်ချထားသည်ဟု သိရသည်။

ထို့အပြင် ယခင်ကထက် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟုလည်း ဒေသခံများက ဆိုသည်။

၂၁ မိုင် စုပေါင်းဂိတ်ကို KIA ရင်း ၁၁ က ဝင်ရောက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အဆိုပါသတင်းမှာ မှန်ကန်ကြောင်း၊ သို့သော်လည်း မိမိအနေဖြင့် သွားတိုက်ရသည့်ကိစ္စနှင့်ပတ်သက်၍ အသေးစိတ်ကို မသိရသေးဘူးဟု သတင်းမီဒီယာများအား ပြောသည်။

၂၁ မိုင် စုပေါင်းဂိတ်သည် မြစ်ကြီးနားမြို့အဝင်ဖြစ်သည့် မြစ်ကြီးနား-မန္တလေး လမ်းမကြီးပေါ်တွင် တည်ရှိပြီး၊ မိုးကောင်း၊ မိုးညှင်း၊ ဟိုပင်၊ ဖားကန့်၊ တနိုင်း၊ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်တို့ဘက်မှ ဝင်လာသည့်ကားများအား စစ်ဆေးသည့် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းထိုင်သည့် ဂိတ်တစ်ဂိတ်ဖြစ်သည်။

အလားတူ ဇွန်လ ၂၃ ရက်နေ့ကလည်း မြစ်ကြီးနားအဝင်ဂိတ်ဖြစ်သည့် ဗလမင်းထင်တံထားထိပ်က စုပေါင်းဂိတ်ကို KIA က ဝင်ရောက်တိုက်ခဲ့ရာ အဆိုပါဂိတ်မှာ မြစ်ကြီးနား-လွယ်ဂျယ်၊ ဗန်းမော်၊ မိုးမောက်၊ ဒေါ့ဖုန်းယန်၊ ချီဖွေ၊ ပန်ဝါ စသည့်မြို့များမှ ဝင်ရောက်လာသည့်ကားများအား စစ်ဆေးသည့်ဂိတ်ဖြစ်သည်။

 
 

 

 

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...