ရပ်ကွက်ရုံးစာရေးမ သေနတ်ဖြင့်ပစ်သတ်ခံရ

ရပ်ကွက်ရုံးစာရေးမ သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) တွင် ဒလန်ဟုသတ်မှတ်ခံထားရသူ အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီး သေဆုံးခဲ့သည်။

ယမန်နေ့ ဇွန်လ ၂၈ ရက် ညနေ ၆ နာရီခန့်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ၇၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးစာရေး အသက် ၄၄ နှစ်အရွယ် ဒေါ်မြမြထွေး (ခ) မြတ်မြတ်ထွေးကို အမည်မသိသူများက သူမ၏အိမ်ရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ခတ္တာလမ်းတွင်နေထိုင်ပြီး ဒလန်ဟုသတ်မှတ်ခံရသူ လုပ်သက် ၁၅ နှစ်ရှိ ဒေါ်မြတ်မြတ်ထွေး၏ ညာဘက်ရင်အုံတွင် ကျည်တစ်ချက်ထိမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးက မဇ္စျိမကိုပြောသည်။

“အမည်မသိလူနှစ်ယောက်က သူရုံးကပြန်လာတဲ့အချိန် ဆိုင်ကယ်ရပ်နေတုန်းမှာ ပစ်သွားကြတာ၊ သေနတ်သံကြားလိုက်ရတယ်၊ သူ့ညာဘက်ရင်အုံကနေ နောက်ကို ထုတ်ချင်းပေါက်သွားတာ အနီးအနားက ပြည်ကျော်ဆေးခန်းက ဆရာဝန်တွေကို အတင်းခေါ်ထုတ်ပြီး ကုခိုင်းတာ၊ ဆရာဝန်တွေက ဒီမှာမရဘူး၊ အခြားဆေးရုံကိုသွားဆိုပြီး လွှဲလိုက်တယ်” လို့ ဒေသခံကဆိုသည်။

သေနတ်ဒဏ်ရာရထားသည့် သူမသည် ရန်ကုန်မြို့ ပင်လုံဆေးရုံအရောက်တွင် သေဆုံးကာ စစ်ဆေးမှုပြုလုပ်ရန် စံပြဆေးရုံကို ပို့ဆောင်ထားသည်ဟု နီးစပ်သူတစ်ဦးထံမှ သိရသည်။

ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်သားများရောက်လာကာ အရပ်သားများအား ဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်ခဲ့သည်ဟု အနီးဝန်းကျင်က ဒေသခံတစ်ဦးကဆိုသည်။

ဖမ်းဆီးခံရသူများအား မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

"အော်သံကြားလို့ ထွက်ကြည့်တာ လူတွေကို ရိုက်နေကြတယ်ဗျာ။ သေနတ်လဲမောင်းတင်ပြီး မပစ်ယုံတမယ်ပဲ" ဟု ၇၀ ရပ်ကွက်နေ မျက်မြင်တွေ့ခဲ့ရသူက ပြောသည်။

အဆိုပါဖြစ်စဉ်များအပြီး ည ၉ နာရီဝန်းကျင်၊ ၁၈ ကွေ့အနီးက New Light လျှပ်စစ်ပစ္စည်းဆိုင်ရှေ့နှင့် အခြားနေရာတစ်ခုတွင် ဗုံးနှစ်လုံးပေါက်ကွဲခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ဟု ဒေသခံကဆိုသည်။  

သေဆုံးခဲ့သည့် ဒေါ်မြတ်မြတ်ထွေးသည် သုံးလပိုင်း တောင်ဒဂုံတွင် ညသပိတ်ပြုများပြုလုပ်ချိန် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို သတင်းပေးခေါ်ဆောင်ခဲ့သည်ဟု တောင်ဒဂုံတွင်နေထိုင်သူ တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။

“ညသပိတ်တွေလုပ်တဲ့အချိန်တုန်းက သူက စစ်တပ်ကိုအကြောင်းကြားပြီး ခေါ်ခဲ့တာ၊ အဲ့တုန်းက စစ်ကားအကြီး သုံးစီးနဲ့ စစ်သားတွေ အယောက်တစ်ရာလောက်ရှိမယ်၊ ရောက်လာပြီး ပစ်ခတ်ဖမ်းဆီးတာတွေလုပ်တာ၊ ၇၁ ရပ်ကွက်နဲ့ ၇၂ ရပ်ကွက်ရုံးနားမှာ အတော်လေး အထိနာခဲ့ရတာ၊ ကျွန်တော်မှတ်မိသလောက်ဆို ၁၀၇ ရပ်ကွက်က တစ်ယောက်သေတယ်၊ ၁၀၆ ရပ်ကွက်ဘက်ကတစ်ယောက် ခြေထောက်ကိုထိတယ်” ဟု အဆိုပါလူငယ်မှ ပြောသည်။

ယခုရက်ပိုင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးဒလန်ဟု သတ်မှတ်ခံထားရသူများ ဆက်တိုက်ဆိုသလို အသတ်ခံရမှုများရှိနေပြီး၊ ယမန်ရက်များတွင် လှိုင်မြို့နယ်၊ ကျောက်တန်းနှင့် လှိုင်သာယာတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 
 

 

 

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...