နမ့်ခမ်းတွင် ပေါက်ကွဲမှုများဖြစ်၊ ၂ ဦးသေ

နမ့်ခမ်းတွင် ပေါက်ကွဲမှုများဖြစ်၊ ၂ ဦးသေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ နှစ်ဦးသေပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ဟု ဒေသခံများက ပြောသည်။

ဇွန်လ ၂၈ ရက်နေ့ (ယနေ့) မွန်းလွဲ ၁ နာရီကျော်အချိန်ခန့်က ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အား အလိုမရှိကြောင်း ပြည်သူများက ဆန္ဒထုတ်ဖော်နေကြရာ ဆန္ဒထုတ်ဖော်မှု အဆုံးသတ်သည့်အချိန် မွန်းလွဲ ၂ နာရီကျော်အချိန်တွင် ဆန္ဒပြလူအုပ်အကြား ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဖြစ်တာက ၂ နာရီလောက်မှာဖြစ်တာဗျ။ အဲ့မှာက ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးနှစ်ယောက်ထိတယ်။ ပြီးရင် အမျိုးသားနှစ်ယောက်ထိတယ်။ အဲ့မှာပဲ ပွဲချင်းပြီးတစ်ယောက်သေတယ်။ နောက်တစ်ယောက်ကတော့ ဆန့်ငင်ဆန့်ငင်နဲ့ ပြီးမှသေသွားတယ်။ အမျိုးသမီးနှစ်ဦးရဲ့ အခြေအနေက တစ်ဦးက စိုးရိမ်ရတယ်။ တစ်ဦးက လက်ထိသွားတယ်။ အမျိုးသားနှစ်ဦးနားမှာက သူတို့ဘေးမှာပေါ့ ပစ္စတိုတစ်လက်ထွက်လာတာတွေ့တယ်။ ပြုတ်ကျနေတာပေါ့” ဖြစ်စဉ်နှင့်ပတ်သက်၍ မျက်မြင်ခဲ့သူတစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့က ရှမ်းလူငယ်များကဦးဆောင်ပြီး ရှမ်းဒေသခံပြည်သူ ၂၀၀ ကျော်က SSPP/SSA အား အလိုမရှိကြောင်း၊ SSPP က ဖမ်းဆီးသွားသည့် ရှမ်းအမျိုးသားအား ပြန်လွှတ်ပေးရန် ဆန္ဒထုတ်ဖော်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အမည်မဖော်လိုသူ နမ့်ခမ်းဒေသခံတစ်ဦးက “ဖြစ်စဉ်ကတော့ ဒီနေ့ ရှမ်းလူငယ်တွေက SSPP အလိုမရှိကြောင်းကို ဆန္ဒထုတ်ဖော်တာပေါ့နော်။ ဟိုးတနေ့က မန်ဆွမ်းဘက်က လူတစ်ယောက်ကို SSPP က ဖမ်းသွားတာပေါ့၊ အဲ့ဒါကို ရွာသားတွေနဲ့ လူထုတွေက သွားပြီးတော့မှ တောင်းတယ်ပေါ့။ သေတယ်ဆိုလည်း အလောင်းပေးပေါ့ဗျာ၊ သွားတောင်းတာပေါ့၊ အဲ့ကိစ္စနဲ့ပတ်သက်ပြီးမှ ဒီနေ့ နေ့လည် တစ်နာရီလောက်မှာ ဆန္ဒထုတ်ဖော်ကြတာပေါ့။ ဆန္ဒထုတ်ဖော်ပြီးမှ သူတို့က အပြန်ပေါ့၊ မြို့တစ်ပတ်ပတ်ပြီးချိန်မှာ အဲ့မှာ ဗုံးနဲ့ပစ်သွားတယ်ပေါ့၊ လက်ပစ်ဗုံး ၄ လုံးနဲ့ ပစ်သွားတာ” ဟု ပြောသည်။

ပေါက်ကွဲမှုမှာ နမ့်ခမ်းမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်က စျေးအနီး၊ မြို့လယ်ဘုရားကြီးရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူအမျိုးသားနှစ်ဦးမှာ အမျိုးသမီးနှစ်ဦးထိခိုက်ခဲ့သည့် ဗုံးပစ်ခဲ့သူများနှင့် တစ်ဖွဲ့တည်းဖြစ်သည်ဟုလည်း နမ့်ခမ်းမြို့ခံများက ပြောသည်။

“အဲ့နားက လူတွေပြောပြချက်အရတော့ ဆိုင်ကယ်နှစ်စီးနဲ့လာပြီးမှ တစ်စီးက ဗုံးနဲ့ပစ်တာပေါ့၊ အခု သေသွားတဲ့ လူနှစ်ယောက်က ဗုံးနဲ့လာပစ်တဲ့အဖွဲ့ထဲကလူလို့ ပြောတယ်။ ဆိုင်ကယ်နှစ်စီးလာတဲ့အထဲမှာ အရှေ့တစ်စီးက ပစ်တာ၊ အနောက်က သူတို့ဆိုင်ကယ်တစ်စီးကိုပဲ ထိသွားတယ်။ အဲ့လိုမျိုးပြောတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

သတင်းနှင့်မီဒီယာကွန်ရက်က ထိုသူများ မည်သည့်အဖွဲ့မှဖြစ်သည် လူထုကြား ဗုံးပစ်ခဲ့သူများနှင့် တစ်ဖွဲ့တည်းဖြစ်သည်ဆိုသည့် အချက်ကို သီးခြား အတည်ပြုနိုင်ခြင်းမရှိပါ။

သို့သော် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးနှစ်ဦးမှာ သာမန်ပြည်သူများသာဖြစ်ပြီး ယခုခါ ၎င်းတို့အားလုံးကို နမ့်ခမ်းဆေးရုံကြီးတွင် ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေရသည်ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီးနှစ်ဦးအနက် တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။

“ဆန္ဒပြတဲ့လူအုပ်ထဲကို ဗုံးပစ်တာ၊ အဲ့ဒါ လူအုပ်ထဲတော့မဝင်ဘူး။ ဆိုင်ကယ်နဲ့သွားရင်း ပစ်သွားတာ။ အမျိုးသမီးနှစ်ဦးကတော့ သူတို့ကတော့ ထိတဲ့နေရာက အမျိုးသားနှစ်ဦးထိတဲ့နေရာနဲ့ နည်းနည်းတော့ အလှမ်းဝေးတယ်ဗျ။ သူတို့က ဆန္ဒပြတဲ့လူတွေရဲ့ အရှေ့ဘက်ပေါ့၊ အဲ့မှာ ထိတာ။ အဲ့ဒီအမျိုးသမီးတွေကတော့ လာပစ်တဲ့လူတွေနဲ့ ဘာမှမဆိုင်ဘူး။ ပြည်သူပဲ။ သူတို့အခုက ဆေးရုံရောက်နေပြီ။ အားလုံးကို ဆေးရုံကိုခေါ်သွားပြီ”

ဆိုင်ကယ်နှစ်စီးဖြင့် လူလေးယောက်က ဆန္ဒပြလူအုပ်ထဲ လက်ပစ်ဗုံးလေးလုံးပစ်ပြီးနောက် အချင်းချင်းပစ်မိပြီး နှစ်ဦးသေဆုံးခဲ့ရခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့က ရှမ်းလူငယ်များဦးဆောင်ပြီး ရှမ်းပြည်သူ ၂၀၀ ကျော်ခန့်က နမ့်ခမ်းမြို့နယ်၊ မန်ဆွမ်းကျေးရွာက ရွာသားတစ်ဦး ဖမ်းဆီးခံရပြီးနောက် သေဆုံးမှု၊ စစ်သားစုဆောင်းသည့် ကိစ္စများနှင့်ပတ်သက်၍ SSPP/SSA အား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ကြစဉ် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

 
 

 

 

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...