စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့များအကြား နှစ်ရက်အတွင်း တိုက်ပွဲငါးကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်လက်နက်ပစ္စည်းများနှင့် ရိက္ခာများတင်ဆောင်ပြီး ကသာဆိပ်ကမ်းမှ ထွက်ခွါသွားသည့် ပင်လုံသင်္ဘောကို မိုးဒါကျေးရွာအနီးတွင် KIA က လက်နက်ကြီးဖြင့် ပစ်လိုက်ပြီးနောက် သင်္ဘောမီးပေါ်တွင် မီးတောက်ကြီးများတွေ့ခဲ့ရသည်ဟု ဒေသခံများက အတည်ပြုပြောကြားသည်။
ဒေသခံများအဆိုအရ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် မိုးဒါလေးအထက် ဆိပ်သာဘုရားအနီး နတ်သမီးမှော်တွင် သင်္ဘောဆိုက်ကပ်ပြီး ဆင်ကုန်းတိုင်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်များ တက်သွားခဲ့သည်။
ပင်လုံသင်္ဘော ဆက်လက်ဆန်တက်ရာ ညနေ ၅ နာရီခန့်တွင် ရွှေကူတွင် ထပ်မံပစ်ခတ်ခံရကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မိုးဒါးကြီးကျေးရွာအရှေ့ဘက် ဆင်ကူးရွာအနီး မိုးပင်မြို့လမ်းဆုံနှင့် ရွှေကျောင်းကုန်းအနီးတွင်လည်း နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်တိုက်ခိုက်ကြသဖြင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။
KIA နှင့် PDF တို့ပူးပေါင်းပြီး စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာ ဇွန်လ ၂၄ ရက်နေ့ တစ်ရက်တည်းတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ကလည်း ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့၊ နန်စီပွန် ကျောက်စိမ်းမှော်ဒေသရှိ စစ်ကောင်စီတပ်စခန်းအချို့အား ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ကသာခရိုင်အပါအဝင် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလာခြင်းဖြစ်သည်။







