မင်းတုန်းမြို့တွင် COVID-19 ကူးစက်သူများလာသဖြင့် စိုးရိမ်

မင်းတုန်းမြို့တွင် COVID-19 ကူးစက်သူများလာသဖြင့် စိုးရိမ်

မကွေးတိုင်း၊ မင်းတုန်းမြို့တွင် နှစ်ရက်အတွင်း COVID-19 ပိုးတွေ့လူနာ ၁၉ ဦးအထိ ရှိလာသည့်အတွက် မြို့နေပြည်သူများ ကူးစက်မှုများ ပိုများလာမည်ကို စိုးရိမ်ထိတ်လန့်နေကြသည်။

ဇွန် ၂၇ ရက်နေ့အထိ ၁၁ ဦး တွေ့ရှိခဲ့ပြီးနောက်၊ ယနေ့ ဇွန် ၂၈ ရက်နေ့ (ယနေ့) နံနက်ပိုင်း ၁၀ နာရီအချိန်တွင် ဆေးရုံဝန်းထဲမှ ထိစပ်မှုရှိသူများကို ရောဂါပိုးရှိ/မရှိ စစ်ဆေးရာ နောက်ထပ် ၈ ဦး ထပ်မံတွေ့ရှိရသည်ဟု အမည်မဖော်လိုသည့် ကျန်းမာရေးဝန်တမ်းတဦးက အတည်ပြု ပြောသည်။

သရက်ခရိုင်တွင်ပါဝင်သော မင်းတုန်းမြို့ ကိုဗစ်ရောဂါ ကူးစက်သူများထဲတွင် ၈ လသားအရွယ် ကလေးငယ်တစ်ဦးနှင့် တတိယတန်းကျောင်းသူ တစ်ဦးတို့ပါဝင်ပြီး စည်ပင်သာယာဈေးအနီးက အမှတ် ၄ ရပ်ကွက်တွင် ကူးစက်မှုအများဆုံးဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။

ကျန်းမာရေးဝန်ထမ်းများကို အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီး အိန္ဒိယဆေးသည် ၇၅ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်းခန့်သာ အကာအကွယ်ပေးနိုင်ကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

လက်ရှိ ကိုဗစ်ဖြစ်ပွားမှု ထိန်းချုပ်ရန် ဝန်ထမ်းအခက်အခဲရှိနေသည်ဟုလည်း ပြောသည်။

”ပထမလှိုင်းကတည်းက သေလူလို့ သတ်မှတ်ထားကြတော့ ကြောက်စိတ်တော့နည်းသွားတာပေါ့ ဝန်ထမ်းတွေက CDM အလုပ်မဝင်တာများတယ်လေ” ဟု ၎င်းကဆိုသည်။

ပထမလှိုင်းနှင့် ဒုတိယလှိုင်းအချိန်တုန်းက လူမှုကူညီရေးအသင်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ စုပေါင်းအားကြောင့် ကူးစက်မှု အနည်းငယ်သာရှိခဲ့ပြီး အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကြောင်း ယခု တတိယလှိုင်းဟုဆိုနိုင်သည့် လက်ရှိအခြေအနေသည် စစချင်းမှာပင် ကူးစက်နှုန်းများမြှင့်နေသည့်အတွက် မထိန်းချုပ်နိုင်မှာကို စိုးရိမ်နေကြကြောင်း မြို့ခံများပြောသည်။

ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်နေသည့် အခြားတစ်ဖက်တွင် စစ်ကောင်စီတပ်များက ညဘက်မှာ သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်မှုများ ရှိနေသည့်အတွက် မြို့နေလူထုများက ကိုဗစ်တတိယလှိုင်းကို စိုးရိမ်နေကြသည့်အပြင် ထိုပစ်ခတ်မှုများကြောင့်လည်း စိုးရိမ်ထိတ်လန့်မှုနှင့် စိတ်ဖိစီးမှုများကို ခံစားနေကြောင်း ဒေသခံများက ပြောသည်။

CDM ဝန်ထမ်းအချို့သာရှိပြီး PDF မရှိသည့် မင်းတုန်းမြို့တွင် လုံခြုံရေးအတွက်ဟုဆိုကာ သရက်မြို့၊ ကာကွယ်ရေးပစ္စည်းစက်ရုံ - ကပစမှ လာရောက်လုံခြုံရေးယူထားသည့် စစ်သားများက ပြီးခဲ့သည့် လေးရက်ခန့်ကစတင်ပြီး အမှတ် ၁ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်တို့တွင် အကြောင်းမဲ့ သေနတ်ပစ်ဖောက်ခြောက်လှန့်မှုများ ပြုလုပ်နေကြောင်း ပြည်သူများ စိုးရိမ်နေရသည် ဆိုသည်။

”ကိုဗစ်ကတစ်မှောက်၊ စကစကတစ်မျိုး၊ ဘာမဟုတ်ညာမဟုတ် ညဘက်တွေမှာ သေနတ်ဖောက် ခြောက်လှန့်နေတယ်။ စိတ်ပျက်စရာ” ဟု သေနတ်သံကြောင့် သောကရောက်နေရသူ မြို့ခံတစ်ဦးက ပြောသည်။

ပထမလှိုင်းနှင့် ဒုတိယလှိုင်းကာလတွင် မင်းတုန်းမြို့၌ ကူးစက်ခံရမှုမှာ စုစုပေါင်း ၁၂ ဦးခန့်သာရှိခဲ့ပြီး ယခုတစ်ကြိမ်ကူးစက်မှုသည် ၄၈ နာရီ အတွင်း ၁၉ ဦး တွေ့ရှိပြီးနောက် ကိုဗစ်စစ်ဆေးရေးရာတွင် အသုံးပြုသည့် စမ်းသပ်ကရိယာများ မလုံလောက်မှုဖြစ်လာမှာကို ကျန်းမာရေးဝန်ထမ်းများက စိုးရိမ်နေကြကြောင်း သိရသည်။

မင်းတုန်းမြို့သည် ပုသိမ်-မုံရွာ ကားလမ်းကြီး၏ အနောက်ဘက် ၄ မိုင် ၆ ဖာလုံခန့်ဝင်ရသည့် အနောက်ရိုးမ တောင်ရိပ်မှာတည်ရှိပြီး ပြီးခဲ့သည့် သန်းခေါင်စာရင်းအရ လူဦးရေ ၈ သောင်းကျော်၊ ကျေးရွာအုပ်စု ၇၆ အုပ်စုရှိသည်။

 
 

 

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...