ဒုက္ခသည်စခန်းများသို့ လက်နက်ကြီးမပစ်ရန် တောင်းဆို

ဒုက္ခသည်စခန်းများသို့ လက်နက်ကြီးမပစ်ရန် တောင်းဆို

ကချင်စစ်ရှောင်စခန်းအတွင်း လက်နက်ကြီးကျရောက်ခဲ့ပြီးနောက် စစ်ရှောင်စခန်းများထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းမပြုရန် စစ်ကောင်စီတပ်အား စစ်ရှောင်များက တောင်းဆိုလိုက်သည်။

ဇွန်လ ၂၃ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က လိုင်စင်ဒေသအထက်ရှိ လူဦးရေ ၁၆၀၀ ကျော်ရှိသည့် မဂါးယာန် စစ်ရှောင်စခန်းထဲသို့ စစ်ကောင်စီ စစ်တပ်က ပစ်ခတ်လိုက်သည့်အပေါ် ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ဗမာစစ်တပ်ကို ပြောချင်တာကတော့ လက်နက်ကိုင်အချင်းချင်းသာ တိုက်ခိုက်ကြပါ စစ်ရှောင်စခန်းတွေကို လက်နက်ကြီးတွေ ဗုံးတွေနဲ့ မပစ်ဘဲ မထိခိုက်အောင် သတိထားပေးကြပါလို့ ပြောချင်ပါတယ်” ဟု မဂါးယာန် စစ်ရှောင်စခန်းက စစ်ရှောင်တစ်ဦးက ပြောသည်။

ဇွန်လ ၂၃ ရက်နေ့က မြစ်ကြီးနားမြို့အဝင်ဂိတ် ဗလမင်းထင်တံထားထိပ်က စုပေါင်းဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်ပြီးနောက် မဂါးယာန်စစ်ရှောင်စခန်းအပါအဝင်၊ လိုင်ဇာ၊ လိုင်စင်နှင့် မိုင်ဂျာယန်ဒေသများရှိ KIA ၏ အရေးပါသည့် တပ်စခန်းကုန်းအချို့အား စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

မဂါးယာန် စစ်ရှောင်စခန်းနေ ပြည်သူတစ်ဦးက “KIA ကိုပြောချင်တာကတော့ အခုလို သူတို့လက်နက်ကိုင်ပြီး တော်လှန်တိုက်ခိုက်နေရတယ်ဆိုတာက ကျမတို့အားလုံး လွတ်မြောက်ဖို့၊ လွတ်လပ်ရေးရဖို့ ကြိုးစားနေတယ်ဆိုတာကို နားလည်ပါတယ် စစ်ရှောင်စခန်းတွေကိုလည်း မပစ်ခတ်ဘူး ဆိုတာ ယုံကြည်ပါတယ်။ ဗမာစစ်တပ်ကို ပြောချင်တာကတော့ စစ်ရှောင်စခန်းတွေကို လက်နက်ကြီးတွေ ဗုံးတွေနဲ့မပစ်ဘဲ မထိခိုက်အောင်လုပ်ပေးပါ” ဟု ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် အဆိုပါ လက်နက်ကြီးကျည်တစ်လုံးသည် စစ်ရှောင်စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် စစ်ရှောင်များ စိုးရိမ်ထိတ်လန့်ခဲ့ရသည်ဟု စစ်ရှောင်များက ပြောသည်။

“အဲဒီညက ကျတာကတော့ ကျနော်တို့က အိမ်အပေါ်ဘက်မှာ။ လက်နက်ကြီးသံ ကြားလိုက်တာနဲ့ အရမ်းကြောက်ပြီး ချက်ချင်း ကလေးထပိုး၊ အခြေအနေပိုဆိုးလာရင် ထွက်ပြေးဖို့ အဆင်သင့်ဖြစ်နေအောင်လို့ ကလေးပိုးပြီး ပြန်စောင့်ကြည့်နေလိုက်တယ်။ ဒါပေမယ့် နောက်ထပ် ပေါက်ကွဲသံ မကြားရတော့လို့ ဘယ်လောက်ဘဲကြောက်ကြောက် အိမ်ထဲမှာဘဲနေနေလိုက်တယ်။ ဗုံးခိုကျင်းကို တွေးလိုက်မိသေးတယ်။ ဒါပေမယ့် ဗုံးခိုကျင်းကလည်း အခုတလော မိုးရွာလို့ ပြိုသွားတာဆိုတော့ ပိုကြောက်သွားတယ်” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

ထိုလက်နက်ကြီးကျည်သည် မဂါးယာန်စစ်ရှောင်စခန်းထဲ့ မိသားစု ၅ ဦးနေထိုင်သည့် နေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျည်အပိုင်းအစများလည်း အနီးအနားလွှင့်စင်ခဲ့သည်ဟု သိရသည်။ သို့သော် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။

စစ်ရှောင်အချို့မှာ စခန်းအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကြောက်လန့်ပြီး ဗုံးခိုကျင်းတွင် တစ်ညလုံးပုန်းခိုကာ အိပ်ခဲ့သူများလည်းရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလကလည်း မဂါးယာန်စစ်ရှောင်စခန်းအထက်ရှိ ကုန်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးကျည်တစ်လုံး ပစ်ခတ်ခဲ့ပြီး ယခုအကြိမ် ကျရောက်ပေါက်ကွဲမှုမှာ ၂၀၂၁ ခုနစ်အတွင်း နှစ်ကြိမ်မြောက်ဖြစ်သည်။

မဂါးယာန် စစ်ရှောင်စခန်းသည် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ KIO ထိန်းချုပ်နယ်မြေဖြစ်သည့် တရုတ်-မြန်မာ နယ်စပ်တွင်ရှိသော ပါဂျောင်၊ မှတ်တိုင် ၆ စခန်း၊ ရှအစ်ယာန်၊ ဝေကြိုင်စခန်းတို့အနက် တစ်ခုဖြစ်ပြီး အိမ်ထောင်စု ၄၀၀ ကျော်၊ လူဦးရေ စုစုပေါင်း ၁၆၀၀ ကျော်ရှိသော စခန်းတစ်ခုဖြစ်သည်။

 
 

 

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...