စစ်ကောင်စီတပ်များ မြစ်ကြီးနားရှိ စစ်ရှောင်စခန်းကို ဝင်ရောက်စစ်ဆေး

စစ်ကောင်စီတပ်များ မြစ်ကြီးနားရှိ စစ်ရှောင်စခန်းကို ဝင်ရောက်စစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းတစ်ကို စစ်ကောင်စီတပ်များက ယနေ့ညနေပိုင်းက ဝင်ရောက်စစ်ဆေးခဲ့သည်ဟု စစ်ရှောင်များက ပြောသည်။

မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ၊ ဗက်လင်စစ်ရှောင်စခန်းအား ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်း ၅ နာရီအချိန်ခန့်မှ ည ၈ နာရီခွဲအချိန်ခန့်အထိ စခန်းနေလူဦးရေနှင့် နာမည်စာရင်းများ လာရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု စစ်ရှောင်များက ပြောသည်။

စစ်ရှောင်တစ်ဦးက “ဟုတ်တယ်၊ စစ်ရှောင်စခန်းကို ရဲတွေလာ၊ အခုနကပဲ ပြန်သွားတယ်။ ၅ နာရီလောက်ကတည်းက ရောက်လာတယ်ဟုတ်တယ်။ ည ၈ နာရီကျော်လောက်မှ ပြန်သွားတယ်။ စစ်သားတွေက လူဦးရေစာရင်းပေါ့ လာစစ်တယ်။ အိမ်ထောင်စုစာရင်းထဲကလူနဲ့ စခန်းထဲမှာ နေတဲ့လူ အဲ့ဒါတွေ တစ်ခန်းပြီးတစ်ခန်း ဝင်စစ်တယ်” ဟု ပြောသည်။

အခြားစစ်ရှောင်တစ်ဦးကလည်း “အိမ်ထောင်စုစာရင်းပြောရမလား အဲ့ဒါကိုကြည့်ပြီး ဒီလူက ဘယ်သူလဲ၊ မရှိရင် သူဘယ်သွားလဲ၊ ဘယ်မှာလဲ အဲ့လိုမျိုးတွေ အကုန်လုံးဝင်စစ်တာ ဟုတ်တယ်။ စစ်သားက အယောက် ၂၀ ကျော်လောက်တော့ ရှိမယ်ထင်တယ်။ ဘယ်သူ့ကိုမှတော့ ဖမ်းသွားတာမျိုးတော့ မရှိဘူးနော်။ အဓိကတော့ လူစာရင်းလာစစ်တာပေါ့နော်” ဟု ပြောသည်။

စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်ရာတွင်လည်း စစ်ကောင်စီတပ်များ ဝင်ရောက်စစ်ဆေးနေသည်မှာ မှန်ကန်ကြောင်း၊ မည်သည့်ကိစ္စကြောင့် ယခုကဲ့သို့ လာရောက်စစ်ဆေးသည်ကိုတော့ မသိဟုသာ အတည်ပြုပြောသည်။

ဗက်လင်စစ်ရှောင်စခန်းသည် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်တွင် တည်ရှိသည်ဖြစ်သော်လည်း တည်နေရာအားဖြင့် ဖော်ပြရမည်ဆိုပါက မြို့ပြင် ချောင်ကျသည့်နေရာတွင်တည်ရှိသည့် စစ်ရှောင်စခန်းတစ်ခုဖြစ်သည်။

“ကျမတို့ စစ်ရှောင်စခန်းက ဟိုးဇီးလွန်ကိုကျော်၊ ကျားနှစ်ကောင်ရှိတဲ့ ဘုန်းကြီးကျောင်းတွေလည်းကျော်သွား၊ ရှမ်းရွာတွေထဲမှာ၊ ချောင်ထဲမှာပေါ့၊ ကြက်ခြံတွေ၊ ဝက်မွေးမြူရေးခြံတွေ အားလုံးကို ကျော်သွားရတယ်။ ချောင်အရမ်းကျတာ ဟုတ်တယ်။ သီးသန့်ကြီးလိုဖြစ်နေတာ။ လူတွေလည်း သိပ်မလာဘူး ဟုတ်တယ်။ အဲ့ဒါ ဒီနေ့ စစ်သားတွေရောက်လာတော့ အကုန်လုံးလန့်သွားကြတာပဲ။ အကြာကြီး တစ်အိမ်ပြီးတစ်အိမ် အသေး စိတ်စစ်တယ်လေ။ ပြီးမှ ပြန်သွားကြတာ” ဗက်လင်စစ်ရှောင်စခန်းမှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၆၀ ကျော်၊ စစ်ရှောင်လူဦးရေ ၂၀၀ ကျော်ရှိသည့် စခန်းတစ်ခုဖြစ်သည်။

မြစ်ကြီးနားမြို့အဝင်ရှိ ဗလမင်းထင်တံတားအနီးက စုပေါင်းဂိတ်အား ဇွန်လ ၂၃ ရက်နေ့ညက ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဗလမင်းထင်တံတားအနီး လုံခြုံရေးများတင်းကြပ်ပြီး စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသလို ယနေ့ ညနေပိုင်းကလည်း ဗက်လင်စစ်ရှောင်စခန်းကို ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

 
 

 

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...