မြစ်ကြီးနား လုံခြုံရေးတင်းကြပ်

မြစ်ကြီးနား လုံခြုံရေးတင်းကြပ်

ယမန်နေ့ညကဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အဝင် ဗလမင်းထင်တံတားအနီးက စုပေါင်းဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ဆေးမှုများ တင်းကြပ်စွာလုပ်နေပြီး ဗလမင်းထင်တံတားအားလည်း နံနက် ၉ နာရီခန့်မှ ဖြတ်သန်းသွားလာခွင့်ပြုခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဗလမင်းထင်တံတားကို ယနေ့နံနက်ပိုင်းက ပိတ်ထားခဲ့ပြီး၊ ခတ်ချို စက်လှေဂိတ်ကိုလည်း နံနက်ပိုင်းတွင် ပိတ်ထားသည်ဟု ဒေသခံများက ပြောသည်။

“ဟုတ်တယ် တံတားပိတ်လိုက်တယ်ဆိုတာက၊ မနက်ပိုင်း လုံးဝသွားခွင့်မပြုဘူး။ ၈ နာရီကျော်၊ ၉ နာရီလောက်မှ တံတားဖွင့်ပေးတယ်။ ဖွင့်တော့လည်း အဲ့ဒီမှာ စစ်သားတွေချည်းပဲ။ ဖြတ်တဲ့လူမှန်သမျှကို စစ်တယ်။ ဖုန်းစစ်တယ်၊ ဆိုင်ကယ်ဖွင့်ခိုင်းတယ်။ ကားတွေလည်း အကုန်စစ်တယ်။ လုံခြုံရေးအရ စစ်တယ်လို့ပဲ ပြောတယ်လေ။ စစ်တာက စစ်သားတွေပဲ စစ်တာဟုတ်တယ်။ အရင်နေ့တွေကလို ရဲတွေ၊ တခြား လဝကတို့ မော်တော်ပီကယ်တို့ မရှိတော့ဘူး။ စစ်သားတွေပဲရှိတယ်” ဟု ဝိုင်းမော်ဒေသခံတစ်ဦးက ပြောသည်။

မိုင်းနားက စျေးသည်တစ်ဦးကလည်း “စစ်နေတာကို သိတယ်လေနော်။ မသွားမလာပဲ နေလို့မှမရတာကိုး။ သွားရတာပဲ။ ကျနော်တို့ဆို စျေးရောင်း/စျေးဝယ် လုပ်တဲ့လူတွေလေနော်။ မနက်ဆို အစောကြီး မြစ်ကြီးနားကို စျေးသွားရောင်းတယ်။ ပြီးရင် မြစ်ကြီးနားကနေ စျေးဝယ်ပြီးပြန်လာတယ်။ မသွားလို့မရတော့ ဖွင့်တဲ့အချိန် သွားရတာပဲ။ ကြောက်ရင်လည်း သွားရမှာပဲ။ ဒီနေ့ဆို စျေးတောင်သွားမရောင်းရတော့ဘူးလားလို့နော်၊ သွားလို့ရလိုက်လို့ တော်သေးတယ်။ ဒါပေမယ့်လည်း နောက်ကျတာပေါ့နော်” ဟု ပြောသည်။

ထို့အပြင် ယမန်နေ့ကတိုက်ခိုက်ခံရမှုကြောင့် အဆိုပါစုပေါင်းဂိတ်မှာ ရဲတပ်သားနှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း မိုင်းနား ဒေသခံတစ်ဦးက ပြောသည်။

“စစ်သားတော့ မဟုတ်ဘူးနော်။ အခုဒဏ်ရာရတာက ရဲပေါ့၊ အဲ့ဒီဂိတ်က ရဲတွေဟုတ်တယ်။ တချို့ကလည်း သုံးယောက်လို့ပြောတယ်၊ တချို့ပြောတာလည်း နှစ်ယောက်ပေါ့ ဒဏ်ရာရတာက။ ကျနော်တို့ ဒီမနက်သွားကြည့်တော့ အဲ့ဒီဂိတ်ရဲ့ အရှေ့က ပုံမှန်အစောင့်တွေ ထိုင်တဲ့နေရာတွေ အားလုံး ပျက်စီးနေတာတော့တွေ့တယ်။ ရဲတွေ ဘယ်သူမှမရှိတော့ဘူး။ အစဆို အဲ့ဒီဂိတ်အနောက်မှာရှိတဲ့ စစ်တပ်စခန်းမှာ စစ်သားတွေလည်းရှိတယ်။ သူတို့မိသားစုဝင်တွေလည်း နည်းနည်းပါးပါးနေတာ ဟုတ်တယ်။ ရဲတွေလည်းထိုင်တယ်။ အခုက မိသားစုဝင်တွေလည်း ဘယ်သူမှမရှိတော့ဘူး။ ရဲတွေလည်းမရှိတော့ဘူး။ ဝတ်စုံအပြည့်နဲ့ စစ်သားတွေပဲကျန်တယ်”

လုံခြုံရေးအကြောင်းပြပြီး ဒေသခံပြည်သူများအား စစ်ဆေးမှုများပြုလုပ်လျှက်ရှိပြီး အထူးသဖြင့် အမျိုးသားများအား တစ်ယောက်မျှအလွတ်မပေးပဲ စစ်ဆေးနေသည်ဟု ပြောသည်။

ဗလမင်းထင်တံတားသည် ပုံမှန်အားဖြင့် နံနက် ၅ နာရီမှ ည ၉ နာရီအထိ ဖြတ်သန်းသွားလာခွင့်ပြုခြင်းဖြစ်သည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာအတွင်းတွင်လည်း စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး၊ ခတ်ချို စက်လှေဂိတ်ကိုလည်း ခေတ္တပိတ်ထားခဲ့သည်ဟု ဒေသခံများက အတည်ပြုပြောသည်။

ပြီးခဲ့သည့် နှစ်ရက်လောက်ကလည်း ရဲနှင့်စစ်သားများက ဗလမင်းထင်တံတားတွင် ဖြတ်သန်းသွားလာသည့် ကားများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ကားပေါ်တွင်ပါလာသူ အမျိုးသားများကိုလည်း မှတ်ပုံတင်များစစ်ခြင်း၊ ဖုန်းများကိုစစ်ဆေးခြင်းနှင့် မေးမြန်းမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

ယမန်နေ့ညက ဖြစ်ပွားခဲ့သည့် မြစ်ကြီးနားမြို့အဝင် စုပေါင်းဂိတ်တိုက်ခိုက်ခံရပြီးနောက် ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့ထဲတွင် ရဟတ်ယာဉ်များနှင် ည ၉ နာရီကျော်အထိ လှည့်ပတ်နေပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ တင့်ကား၊ စစ်ကားများနှင့် ကျည်ကာကားများလည်း မြစ်ကြီးနားက ရပ်ကွက်အချို့ထဲတွင် ပတ်မောင်းနေပြီးနောက် ဗလမင်းထင်တံတားဘက်ကို မောင်းသွားသည်ဟု ဒေသခံများက ပြောသည်။

 
 

 

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...