ကချင်လွတ်လပ်ရေးတပ်မတော် KIA က မြစ်ကြီးနားအနီး ဝင်ရောက်ပစ်ခတ်မှုကို လက်တုန့်ပြန်သည့်အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များက KIA စစ်ဌာနချုပ် လိုင်ဇာအပါအဝင် အခြေစိုက်နယ်မြေများသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။
ယမန်နေ့ည ၈ နာရီအချိန်ခန့် မြစ်ကြီးနားမြို့အဝင် ဗလမင်းထင် ဧရာဝတီမြစ်ကူးတံတားအနားရှိ စုပေါင်းဂိတ်ကို KIA က ဝင်ရောက်တိုက်ခိုက်ပြီးနောက်တွင် လိုင်ဇာ၊ မိုင်ဂျာယန်နှင့် လိုင်စင်ဒေသများထဲက KIA တပ်စခန်းကုန်းအချို့အား စစ်ကောင်စီတပ်ဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “မနေ့ကတော့ ၇ နာရီ ၄၅ မိနစ်/ ၈ နာရီဝန်းကျင်လောက်ပေါ့ အဲမှာ မိုင်းနားစုပေါင်းဂိတ်ထဲမှာ KIA ဖက်ကနေ လာပစ်တာ ဖြစ်စဉ်ရှိပါတယ်။ အဲဒီနောက်ပိုင်း ၈ နာရီခွဲ ၉ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီစစ်တပ်ဖက်ကနေ ကျနော်တို့ KIA တပ်စခန်းတွေရှိတဲ့နေရာ တော်တော်များများမှာ လက်နက်ကြီးနဲ့ ရမ်းပစ်တာဖြစ်ပါတယ်။ အဲဒီထဲက မိုင်ဂျာယန်တို့ပေါ့နော မိုင်ဂျာယန်နဲ့ သိပ်နီးတဲ့နေရာမှာတော့ မဟုတ်ပါဘူး။ KIA တပ်စခန်းတွေရှိတဲ့ နေရာဖက်မှာ ကျနော်တို့ လိုင်ဇာပတ်ဝန်းကျင်တွေ နောက် လိုင်စင်တောင်ကြောတစ်လျှောက်တို့ ဖလပ်ဘွမ်လို နောက်ပြီးတော့ တပ်မဟာ ၉ တပ်ရင်း ၆ အဲဒီနေရာဖက်မှာ သူတို့က လက်နက်ကြီးနဲ့ လှမ်းပစ်တာဖြစ်ပါတယ်” ဟု ပြောသည်။
လိုင်ဇာနှင့် လိုင်စင်ဒေသအတွင်းရှိ KIA တပ်စခန်းကုန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့် စစ်ကောင်စီတပ်စခန်းများနှင့်ပတ်သက်၍ “ဒေါ့ဖုန်းယန်တို့ ဒီ ဖွန်းပြန်ဘွမ်တို့ ခါရာတို့ အများကြီးရှိပါတယ်။ သူတို့ လက်နက်ကြီးတွေ နောက်ပြီး ဂမ်ဒေါင်တို့ နောက်ပြီးတော့ အရင်တုန်းက ဂိဒေါင်တိုက်ပွဲဖြစ်တဲ့နေရာ အဲဖက်ကနေလည်း ပစ်လို့ရပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အလားတူ မိုင်ဂျာယန်ဘက်ကို ပစ်ခတ်ခဲ့သည်နှင့်ပတ်သက်၍ “တော်တော်များများရှိပါတယ်။ စိန်လုံဘွမ်လေ အဲဖက်က သူတို့တပ်စခန်းတွေ ချထားတဲ့နေရာတွေ တော်တော်များများနေရာမှာ သူတို့ ဦးထားတာရှိပါတယ်။ အဲဒါကလည်းရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ခဲ့သော်လည်း KIA ဘက်က ပြန်လည်ပစ်ခတ်ခဲ့ခြင်း မရှိသည့်အတွက် အဆိုပါနေရာများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းမရှိသော်လည်း ယမန်နေ့ညက ဖြစ်ပွားခဲ့သည့် မြစ်ကြီးနားမြို့အဝင်က စုပေါင်းဂိတ်အနီးတွင် နှစ်ဖက်ကြား အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့သည်ဟု ပြောသည်။
ဗိုလ်မှူးကြီးနော်ဘူက “ကျနော်တို့ KIA တပ်စခန်းတွေရှိတဲ့နေရာမှာ လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့တာကိုတော့ ကျနော်တို့လည်း တုန့်ပြန်ပြီးတော့ ပြန်ပစ်တာကိုတော့ မရှိပါဘူး။ အဲမှာ တိုက်ပွဲဖြစ်တာကတော့ မရှိပါဘူး။ ဒါပေမယ့် မိုင်းနား စုပေါင်းဂိတ်မှာကတော့ KIA ဖက်နေ လာပစ်တဲ့ဟာ အပြန်အလှန်တိုက်ပွဲတွေ တိုက်ပွဲငယ်လေးတွေကတော့ ဖြစ်တာပေါ့။ အဲဒီနောက်ပိုင်းမှာကတော့ KIA က ပြန်ဆုတ်သွားတယ်။ ဆုတ်သွားတဲ့ နောက်ပိုင်းမှာ စစ်ကောင်စီဖက်ကတော့ လက်နက်ငယ် လက်နက်ကြီးတွေနဲ့ လာပြီးမှ တိုက်ပွဲကြီးပုံစံဖြစ်သွားတာပေါ့ အဲဒီနေရာမှာကတော့” ဟု ပြောသည်။
မည်သည့်ကိစ္စကြောင့် အဆိုပါစစ်ပေါင်းဂိတ်ကို မြေပြင်ရှိ KIA အဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်သည်ကို မသိရသေးဘူးဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
စစ်ကောင်စီတပ်များက မြစ်ကြီးနားဘက်မှ ဝိုင်းမော်၊ ဒေါ့ဖုန်းယန်၊ မိုးမောက် စသည့်နေရာများသို့ စစ်အင်အား၊ လူအင်အားများ ပို့နေသည့် အတွက်ဖြစ်နိုင်သည်ဟု ဒေသခံပြည်သူများက ခန့်မှန်းပြောဆိုနေကြသည်။
မကြာသေးမီက ဒေါ့ဖုန်းယန်အနီး စစ်သည်တင်ဆောင်သော စစ်ကောင်စီတပ်ဖွဲ့မှ ကားများကို KIA က ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ခဲ့သည်။
မြစ်ကြီးနားမြို့အဝင် စုပေါင်းဂိတ်အား ယမန်နေ့ညက KIA က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ည ၉ နာရီခွဲအချိန်ခန့်ထိ မြို့အနှံ့ ရဟတ်ယာဉ်များ ပျံသန်းခဲ့သည့်အတွက် ဒေသခံပြည်သူများက လေယာဉ်ပျံများဖြင့် ဗုံးကြဲလာမည်ကို စိုးရိမ်ပြီး အနီးအနားဝန်းကျင်က ဒေသခံများမှာ နေရာပြောင်းရွှေ့အိပ်ခဲ့ကြရသည်ဟု သိရသည်။







