ချင်းပြည်နယ် ပလက်ဝမြို့တွင် အဖမ်းဆီးခံချင်းလူငယ် ၅ ဦးကို ဇွန်လ ၁၇ ရက်နေ့တွင် လက်ထိပ်ခက်ကာ စစ်တွေမြို့သို့ပို့ဆာင်ကာ စစ်တွေမြို့ရှိ စစ်တပ်ဝင်းထဲသို့ ခေါ်ဆောင်သွားသည်ဟု သိရသော်လည်း ယခုအချိန်အထိ မိသားစုနှင့်မတွေ့ရကြောင်း နီးစပ်သူ မိသားစုများထံက သိရသည်။
အဖမ်းဆီးခံ ချင်းလူငယ် ၅ ဦးကို ဇွန်လ ၁၇ ရက်နေ့တွင် မြို့နယ်တရားသူကြီးမှ စစ်ဆေးခဲ့ပြီး ရဲလုပ်ငန်းများဆောင်ရွက်ရန် ဇွန်လ ၃၀ ရက်နေ့ကို ရုံးချိန်းသက်မှတ်ခဲ့ပြီးနောက် ခမရ (၅၁၁) တပ်ရင်းမှူးမှ စစ်တွေမြို့သို့ ဦးစီးခေါ်ဆောင်သွားကြောင်း သိရသည်။
ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နောက်ပိုင်း ဖမ်းဆီးခံခဲ့ရသူ (၁၈) ဦးထဲမှ ၅ ဦးကို ပြန်မလွှတ်သေးပဲ ဆက်လက်ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။
ထွေအုပ်ရုံးရှေ့နှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် မေလ ၂၈ ရက်နေ့မနက်က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းတွင် အလုပ်လုပ်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၁၂ ဦးကို ပြန်လည်လွှတ်ပေးကာ (၆) ဦးကို ဆက်လက်ထိန်းသိမ်းထားပြီး တစ်ဦးမှာ မကြာသေးမှီကပြန်လွတ်ကာ ယခုချိန်ထိ (၅) ဦး ထိန်းသိမ်းထားဆဲဖြစ်သည်။







