ဗုံးကွဲပြီးနောက် ကျောင်းတက်သူမရှိ

ဗုံးကွဲပြီးနောက် ကျောင်းတက်သူမရှိ

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်က အထက်တန်းကျောင်းတွင် ကျောင်းတက်သူမရှိဟု ကျောင်းသားမိဘများက ပြောသည်။

မိုးမောက်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဇွန်လ ၂၃ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ကလေးငယ်များ၏ လုံခြုံအတွက် စိုးရိမ်သောကြောင့် မည်သည့်ကလေးမှ ကျောင်းမသွားကြခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မိုးမောက်ဒေသခံတစ်ဦးက “ဒီနေ့မနက်တော့ ကျနော်တို့မြင်တာတော့ ဆရာမတွေပဲ ကျောင်းသွားနေကြတယ်။ ဘယ်ကလေးမှ ကျောင်းသွားတာ မမြင်ဘူး” ဟု ပြောသည်။

“မနေ့က ဗုံးကွဲတော့ ကျောင်းက ဆရာမတစ်ယောက်ထိတယ်။ ကျောင်းစောင့်တစ်ယောက်ကတော့ ခြေထောက်ထိတယ်။ ကလေးတွေက လန့်ကုန်တယ်။ ပေါက်ကွဲမှုဖြစ်တော့ အုတ်အုတ်သဲသဲဖြစ်၊ ကလေးမိဘတွေလည်း ကိုယ့်ကလေးကိုယ်ခေါ်ပြန်ကြ။ စစ်သားတွေလည်း လုံခြုံရေး အပြည့်ဆိုတော့ အားလုံး ကြောက်လန့်ကုန်တာ။ ဒီနေ့ ကလေးတွေ တစ်ယောက်တောင်မှ ကျောင်းမလာကြတော့ဘူး” ဟု ဆက်ပြောသည်။

မိုးမောက်မြို့ အ.ထ.ကကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြောင့် ကျောင်းဆရာမတစ်ဦးအပါအဝင် အနည်းဆုံးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကျောင်းသားမိဘတစ်ဦးက “အေး ကျမတို့မိဘတွေကတော့ ကိုယ့်ကလေးကိုယ် စိတ်ပူတာပေါ့နော်။ ဒီနေ့ဆို ကျောင်းကိုသွားကြည့်တော့လည်း ဘယ်ကလေးမှမတွေ့ဘူး။ ဘယ်မိဘက ကိုယ့်ကလေးကို ကျောင်းပို့ရဲတော့မှာလဲနော်။ မပို့တော့ဘူး။ ကျောင်းကတော့ မပိတ်ဘူး။ ဆရာမတွေတော့ တွေ့တယ်။ ကလေးတွေအတွက်က မိဘတွေအနေနဲ့ ဒီလိုမျိုး နောက်ထပ်ပေါက်ကွဲမှုဖြစ်ရင် ဘယ်သူကမှ အာမခံချက်မပေးနိုင်တော့ စိုးရိမ်တာပေါ့။ ဘယ်တော့ ပေါက်ကွဲမှုတွေ ထပ်ဖြစ်မလဲပေါ့။ ထိခိုက်ဒဏ်ရာရရင် ကိုယ့်ကလေးပဲထိမှာလေနော်။ စိုရိမ်တယ်” ဟု ပြောသည်။

ယခုဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အထက်တန်းကျောင်းသည် မိုးမောက်မြို့၏ တစ်ခုတည်းသော အထက်တန်းကျောင်းတစ်ကျောင်းဖြစ်သည်။

ယနေ့နံနက်ပိုင်းတွင် ကျောင်းအနီးတဝိုက်တွင် လုံခြုံရေးလည်းမရှိသလို မည်သည့်ကျောင်းသားမှလည်း ကျောင်းလာတက်သည်ကို မတွေ့ရဟု ဒေသခံများက ပြောသည်။

“မနေ့ကတော့ လုံခြုံရေးက အများကြီးပဲ။ အပြည့်ပဲ။ ဒီနေ့တော့ ဘာမှမရှိဘူး။ ကျောင်းဆရာမ နည်းနည်းပါးပါးပဲရှိတယ်။ ကလေးတွေလည်းမရှိဘူး။ ကျမတို့ စစ်ရှောင်စခန်းက ကလေးတွေကလည်း အဲ့ဒီကျောင်းမှာပဲ ကျောင်းတက်ကြတာ။ ဒီနှစ်တော့ ကလေးတွေအားလုံး ကျောင်းမတက်ဘူး၊ တဝက်လောက်တော့ ကျောင်းတက်တာဟုတ်တယ်။ အဲ့ဒါ မနေ့က ပေါက်ကွဲမှုဖြစ်တော့ ဒီနေ့ဆို ဘယ်ကလေးမှ ကျောင်းမသွားရဲတော့ဘူး။ စစ်ရှောင်မိဘတွေလည်း ကျောင်းမပို့ချင်ကြတော့ဘူးလေနော်” ဟု မိုးမောက် KBC စစ်ရှောင်စခန်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်း မည်သူမည်ဝါက လုပ်ဆောင်သည်ကို အတိအကျ ယနေ့အချိန်ထိ မသိရသေးဘူးဟု ဒေသခံများက ပြောသည်။

မိုးမောက်မြို့နယ်သည် အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေသည့် နေရာတစ်ခုဖြစ်သည်။

ပြီးခဲ့သည့် မတ်လကစတင်၍ နှစ်ဖက်ကြားဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် စစ်ကောင်စီတပ်က အလော့ဒ်ဘွမ်တပ်စခန်းကုန်းကို KIA အား ပေးလိုက်ရပြီးနောက် ၎င်းဒေသအတွင်း တိုက်ပွဲများပြင်းထန်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်များက တပ်အင်အား၊ ရိက္ခာအင်အားများ ဖြည့်တင်းလျှက်ရှိပြီး ယနေ့အချိန်ထိ ကြိုကြားကြိုကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေဆဲ ဒေသတစ်ခုဖြစ်သည်။

 
 

 

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...