နာရေးကူညီမှုအသင်းသားများအတွက် Quarantine နေရာမရှိသဖြင့် ရောဂါပြန့်ပွားမည်ကိုစိုးရိမ်

နာရေးကူညီမှုအသင်းသားများအတွက် Quarantine နေရာမရှိသဖြင့် ရောဂါပြန့်ပွားမည်ကိုစိုးရိမ်

ပဲခူးတိုင်းရှိ နာရေးကူညီမှုအသင်းမှ လူငယ်များသည် COVID-19 သံသယလူနာများအား ကူညီသင်္ဂြိုလ်ပေးပြီးနောက် Quarantine ဝင်ရန် နေရာမရှိသဖြင့် ရောဂါကူးစက်မည်ကို စိုးရိမ်ရသည်ဟု ဒေသခံများကပြောသည်။

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ထဲက ဥသျှစ်ပင်မြို့ရှိ နာရေးကူညီမှု ပရဟိတလူငယ်များသည် COVID-19 သံသယလူနာများအား ကူညီသင်္ဂြိုလ်ပေးကြရသည်။

ဇွန်လ ၁၉ ရက်နေ့က COVID-19 ရောဂါ သံသယနှင့် အသက် ၆၇ နှစ်အရွယ် အငြိမ်းစားစစ်မှုထမ်းဟောင်းတစ်ဦး ပန်းတောင်းတပ်မတော် ကုတင် ၂၅ ဆေးရုံတွင် သေဆုံးခဲ့ရာ ပန်းတောင်းမြို့ရှိ အေးသုခ နာရေးကူညီမှုပရဟိတအသင်းကို သင်္ဂြိုလ်ပေးခိုင်း၍ အလောင်းကို သွားယူ သင်္ဂြိုလ်ပေးခဲ့ရသည်ဟု အေးသုခ အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် အဓိကကြုံနေရသည့်အခက်အခဲမှာ အသင်းကပရဟိတ လူငယ် ၄ ဦး Quarantine ဝင်ရန်အတွက် နေရာမရှိခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

လတ်တလောတွင် အသင်း၏ရုံးနှင့် စာကြည့်တိုက်တွင် သီးခြားခွဲထားရပြီး Quarantine Center (သီးခြားစောင့်ကြည့်ဆောင်) ဖွင့်ရမည့်ကိစ္စနှင့်ပတ်သက်၍လည်း မည်သို့လုပ်ဆောင်ရမည်ကို မသိသေးဟု ၎င်းတာဝန်ရှိသူက ဆက်ရှင်းပြသည်။

လက်ရှိတွင် COVID-19 တတိယလှိုင်း ကာကွယ်ရေးအတွက် ယခင်ပထမလှိုင်းနှင့် ဒုတိယလှိုင်းတုန်းက အချိန်များကဲ့သို့ Facility Quarantine Center များဖွင့်လှစ်ရန် ဘက်ပေါင်းစုံက အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

စစ်ကောင်စီလက်အောက်ရှိ အုပ်ချုပ်ရေးပိုင်းက လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုမည်လား (သို့မဟုတ်) အရေးယူမှုများရှိလာမည်လား ရှင်းရှင်းလင်းလင်းမသိရဘဲ လုပ်နေကြရကြောင်း ပြည်မြို့က ပါရဟိတလုပ်ကိုင်သူများက ပြောသည်။

”ငွေမကူ လူမကူဘဲ မထင်ရင်မထင်သလို ပြုမူမယ်ဆို ဘယ်သူမှလုပ်ချင်မှာမဟုတ်ဘူး မလွှဲသာတဲ့ မီးသင်္ဂြိုလ်ကိစ္စတွေကို volunteer ကလေးတွေလုပ်နေရတာ။ PPE ဝတ်စုံကအစ လုံလောက်မှုမရှိတော့ဘူး။ သူတို့အတွက် စိုးရိမ်တယ်” ဟု အေးသုခ တိမ်းရှောင်နေရသည့် ပရဟတိ သမားတစ်ဦး ပြောသည်။

အေးသုခနာရေးကူညီမှုအသင်းသည် စတင်တည်ထောင်စဉ်ကတည်းက အလုံးစုံ အခမဲ့ကူညီသည့်အဖွဲ့ဖြစ်ပြီး စေတနာ့ဝန်ထမ်း လူငယ် Volunteer စေတနာ့ဝန်ထမ်းအင်အားဖြင့် လည်ပတ်နေခြင်းဖြစ်သည်ဟု သိရသည်။

ပရဟိတမိတ်ဖက်ဖြစ်သည့် ပြည်မြို့က မိုးမေတ္တာ လူမှုကူညီရေးအသင်းရုံးလည်း စစ်ကောင်စီတပ်ဖွဲ့များ၏ ဖျက်စီးမှုကိုခံရပြီး ပရဟိတလူငယ်အချို့လည်း အဖမ်းခံထားရသည်။

မိုးမေတ္တာအသင်း၏ ဥက္ကဋ္ဌ ဦးမိုးကြီးနှင့် အဖွဲ့ဝင်လူငယ်အချို့လည်း ယနေ့အချိန်ထိ တိမ်းရှောင်နေရစဲဖြစ်သည်။

ယခု ဥသျှစ်ပင်မြို့၊ အေးသုခနာရေးကူညီမှုအသင်းမှလည်း ဦးဆောင်အချို့ တိမ်းရှောင်နေရသည့်အတွက် COVID-19 ကာကွယ်ရေး ကိစ္စရပ်များ အဆင်မပြေမှာကို မြို့နေပြည်သူက စိုးရိမ်ကြောက်ရွံ့နေကြကြောင်း သိရသည်။

ဥသျှစ်ပင်မြို့သည် ပန်းတောင်းတောင်ကုတ်တောင် ကြားလမ်းနှင့် ပုသိမ်-မုံရွာ လမ်းမတို့ဆုံရာတွင်တည်ရှိပြီး ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့ ထိစပ်နေသည့်မြို့ငယ်ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့အများအပြား အခြေစိုက်ရာမြို့လည်းဖြစ်သည်။

 
 

 

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...