မွန်ပြည်နယ်တွင် နှစ်ရက်အတွင်း COVID-19 အတည်ပြုလူနာ ၁၀၀ ကျော်တွေ့

မွန်ပြည်နယ်တွင် နှစ်ရက်အတွင်း COVID-19 အတည်ပြုလူနာ ၁၀၀ ကျော်တွေ့

မွန်ပြည်နယ်တွင် နှစ်ရက်အတွင်း COVID-19 ရောဂါ အတည်ပြုလူနာ ၁၀၁ ဦးအထိ တွေ့ရှိခဲ့သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဇွန်လ ၁၉ ရက်နေ့ စစ်ဆေးချက်အရ မော်လမြိုင်မြို့ တစ်မြို့တည်းတွင် COVID-19 အတည်ပြုလူနာ ၃၈ ဦးအထိတွေ့ရှိခဲ့ပြီး သံဖြူဇရပ်တွင် ၂၀ ဦး၊ သထုံမြို့တွင် ၇ ဦး စုစုပေါင်း ၆၅ ဦး တွေ့ရှိခဲ့သည်။

ထို့အပြင် ဇွန်လ ၁၈ ရက်နေ့ကလည်း COVID-19 အတည်ပြုလူနာ ၃၆ ဦးတွေ့ရှိခဲ့ပြီး အများစုသည် မော်လမြိုင်မြို့ကဖြစ်သည်ဟုလည်း သိရသည်။

“ပြည်သူလူထုကို ပြောချင်တာကတော့ ပြည်သူလူထုကိုယ်၌ကလည်း သတိထားပါ။ အကြောက်မလွန်ပါနဲ့။ ဒါပေမယ့် သတိဝိရိယနဲ့နေ၊ သတိမပေါ့ပါနဲ့။ ကိုဗစ်တတိယလှိုင်းက ပြန်ဝင်လာဖို့ အခြေအနေရှိပါတယ်” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။

လက်ရှိအနေအထားအရ မွန်ပြည်နယ်တွင် COVID-19 တတိယလှိုင်း ပြန်ဝင်လာသည့်အခြေအနေကြောင့် ပြည်သူများ မပေါ့ဆကြရန်၊ ကျန်းမာရေးအသိရှိကြရန်နှင့် ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည့် သတိပေးချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားသည်။

မွန်ပြည်နယ်အတွင်းက COVID-19 ရောဂါ အတည်ပြုလူနာအများစုသည် ခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့လူနာများနှင့် ထိတွေ့မှုမရှိပဲ အနံ့ပျောက်လက္ခဏာပြရာမှတဆင့် ပိုးတွေ့ရှိသူများဖြစ်ကြသည်ဟု ဆိုသည်။

ထို့အပြင် ပိုးတွေ့လူနာများထဲတွင် ပြည်ပမှ ပြန်ဝင်လာသူများလည်းရှိသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနထံမှ သိရသည်။

မွန်ပြည်နယ်ထဲက ပြည်သူအများစုသည် “အခုဆိုရင် ကျမတို့ဆီမှာက ကိုဗစ်ကို ဘယ်သူမှ စိတ်မဝင်စားကြတော့ဘူး။ တချို့ဆိုရင် Mask တွေတောင် မတပ်ကြတော့ဘူး။ သွားလာနေကြတာပဲ။ စျေးတွေဆိုလည်း အရင်ကလိုပဲ စည်းကားနေပြီ။ ဒီအတိုင်းပါပဲ၊ ၆ ပေအကွာတို့ ၃ ပေအကွာတို့ ဘယ်သူမှ မနေကြတော့ဘူး” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

ပြည်နယ်အတွင်း ပိုးကူးစက်ခံထားရသူများကို မော်လမြိုင်ဆေးရုံ Isolation Ward-1 (သီးခြားဆောင်-၁) နှင့် Isolation Ward-3 (သီးခြားဆောင်-၃) နှင့် မဆရ-၅ တို့တွင် တက်ရောက်ဆေးကုသမှုခံယူနေကြရသည်။

မွန်ပြည်နယ်တွင် မေလဆန်းပိုင်းခန့်မှစပြီး COVID-19 ကူးစက်မှု ပြန်လည်တွေ့ရှိလာခြင်းဖြစ်သည်။

ထို့နောက် ယခုလ ဇွန်လဆန်းပိုင်းတွင် ရောဂါကူးစက်မှု ဆက်တိုက်တွေ့ရှိလာသည့်အပြင် သေဆုံးသူလည်း ၅ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် လိုအပ်သည့်ဆေးဝါးများနှင့် ကုသရေးအပိုင်းကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားသည်ဟုလည်း ပြောသည်။

“လိုအပ်တဲ့ဆေးဝါးတွေ ကုသမှုတွေ အဲဒါတွေအားလုံး ဆရာတို့ရတဲ့အနေအထားနဲ့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်။ ဒါပေမယ့် အဓိကအင်အားက ပြည်သူ့အင်အားပဲဖြစ်ပါတယ်။ ပြည်သူကလည်း ပါဝင်ဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်” ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူးက ဆက်ပြောသည်။

မွန်ပြည်နယ်တွင် စစ်တပ်အာဏာမသိမ်းခင် ဇန္နဝါရီလကုန်အထိ ကိုဗစ်ပိုးတွေ့လူနာ ၃၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၄၀ ကျော်အထိရှိခဲ့သည်။

 
 

 

 

CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...