တီးတိန်မြို့နယ်က PDF စခန်းဖျက်ဆီးခံရ၊ ကျပ်သိန်း ၂၀၀ ခန့် ဆုံးရှုံးခဲ့

တီးတိန်မြို့နယ်က PDF စခန်းဖျက်ဆီးခံရ၊ ကျပ်သိန်း ၂၀၀ ခန့် ဆုံးရှုံးခဲ့

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ People Defense Force (PDF) စခန်းသည် ဇွန် ၁၆ ရက်က ဖျက်ဆီးခံခဲ့ရပြီး အနည်းဆုံး ကျပ်ငွေ သိန်း ၂၀၀ ဝန်းကျင်ခန့် ရှုံးဆုံးမှုရှိခဲ့ကြောင်း သိရသည်။

 

တီးတိန် PDF စခန်းအတွင်းရှိ မိုးကာတဲအိမ်သုံးလုံး၊ မီးစက်၊ ဓာတ်ဆီ၊ ဆန်၊ ဆီ၊ ဆား၊ အာလူး လူအယောက်တစ်ရာအတွက် (၄၅ ရက်စာ)၊ အားဆေး၊ ဆေးဝါးများ၊ တူမီးသေနတ်၊ တစ်လုံးပြူ ၅ လက်အပါအဝင် ပစ္စည်းတန်ဖိုးအားလုံးပေါင်း သိန်း ၂၀၀ ဝန်းကျင်ခန့် ရှုံးဆုံးမှုရှိခဲ့ကြောင်း Tedim Civil Society Support Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

 

အဆိုပါ PDF စခန်းကို မည်သည့်အဖွဲ့အစည်းက ဖျက်ဆီးခဲ့သည်ကိုမူ တိတိကျကျပြောဆိုထားခြင်းမရှိသော်လည်း တီးတိန်၊ တွန်းဇံမြို့နယ်တို့တွင် အခြေစိုက်လှုပ်ရှားနေသည့် Zomi Re-Unification Organization (ZRO) ဇိုမီးတော်လှန်ရေးတပ်မတော်၏ လက်ချက်ဖြစ်နိုင်သည်ဟု ယူဆလျက်ရှိသည်။

 

Zomi Re-Unification Organization (ZRO) ၏ ကာကွယ်ရေးဌာန ဇိုမီးတော်လှန်ရေးတပ်မတော် (အရှေ့ပိုင်းတိုင်း) မှ ဇွန် ၁၇ ရက်ကထုတ်ပြန်သည့် ကြေညာချက်တွင် ဇိုမီးတော်လှန်ရေးတပ်မတော် (အရှေ့ပိုင်းတိုင်း) သည် စစ်ရေးကဏ္ဍတွင် အမျိုးသားတပ်မတော်တစ်ရပ်တည်းရှိရမည့် မူအရ မိမိတို့လှုပ်ရှားနယ်မြေအတွင်း သီးခြားလက်နက်ကိုင်တပ်ဖွဲ့ ထူထောင်ခြင်းကို လုံးဝ လက်ခံမည်မဟုတ်ကြောင်း တာဝန်ရှိသူများမှ အကြိမ်ကြိမ် သတိပေးပြောကြားခဲ့ပြီးဖြစ်သည်ဟု ဖော်ပြထားသည်။

 

ထို့အပြင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိူးသားညီညွတ်ရေးအစိုးရနှင့် ဆက်သွယ်ရာတွင်သော်လည်းကောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို လေ့ကျင့်ပေးရန် သဘောတူထားသည့်အတိုင်း ဇိုမီးအမျိုးသားပြည်သူ့စစ်တပ် (Zomi National Volunteer) ကို အပတ်စဉ် ၁၀ အထိ လေ့ကျင့်ပျိူးထောင်ခဲ့ကြောင်း၊ တပ်နေရာချထားရေး၊ စည်းရုံးရေး၊ စစ်ဆင်ရေးအတွက် အကျိူးမရှိသည့်အပြင် အနှောက်အယှက်ဖြစ်စေသည့် ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) ဖြစ်သည်ဟု လူထုအတွင်း လိမ်လည်ပြောဆိုပြီး မိမိတို့နယ်မြေအတွင်း ရောက်ရှိလာကြသည့် တာဝန်ယူတာဝန်ခံသည့် ခေါင်းဆောင်မရှိ၊ အဖွဲ့အစည်းအမည်တောင်မသိကြသည့် သီးခြားလက်နက်ကိုင်တပ်ကဲ့သို့သော လူစုလူဝေးများကို လုံးဝသည်းခံမည်မဟုတ်ပါဟု ZRA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယင်းထုတ်ပြန်ချက်ကို ထောက်ရှုခြင်းအားဖြင့် တီးတိန် PDF စခန်းအား ZRA က ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ယူဆနိုင်သော်လည်း ခိုနူမ်းသုန်သတင်းအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...