အပစ်ရပ်ကြေညာမှု တစ်ဖွဲ့လုံးကိုကိုယ်စားမပြုကြောင်း KNDF အဖွဲ့ဝင်များပြော

အပစ်ရပ်ကြေညာမှု တစ်ဖွဲ့လုံးကိုကိုယ်စားမပြုကြောင်း KNDF အဖွဲ့ဝင်များပြော

စစ်ကောင်စီတာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံခဲ့သည့် KNDF အဖွဲ့ဝင်အချို့၏ အပစ်ခတ်ရပ်စဲကြောင်း ကြေညာချက်သည် KNDF တစ်ဖွဲ့လုံးကို ကိုယ်စားမပြုကြောင်း ကယားလီဖု လူငယ်ဗဟိုကော်မတီက ပြောသည်။

ကယားလီဖု လူငယ်ဗဟိုကော်မတီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ကျနော်တို့ သိရသလောက်သည် ကလလတ သူ့ရဲ့အရှည်ကောက်က ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး သူတို့က BGF ဖြစ်တယ်။ နယ်ခြားစောင့်တွေဖြစ်တယ်။ နောက်တစ်ဖွဲ့က ကယောနီ KNPDP အဲဒါက သူသည် BGF လည်းဖြစ်တယ်။ ခုန ကျနော်ပြောတဲ့အဖွဲ့ KNP ကယန်းအမျိုးသားပါတီ ကယန်းပြည်သစ်ပါတီ အဲဒီအဖွဲ့ စကစနဲ့ သွားတွေ့တယ်။ ခုန ကျနော်ပြောတဲ့ အဲဒီ BGF နှစ်ဖွဲ့ရယ် ကယန်းပြည်သစ်တစ်ဖွဲ့က စကစနဲ့ သွားတွေ့တယ်။ စကစနဲ့ သွားတွေ့ပြီးတော့မှ အပစ်ခတ်ရပ်စဲရေး ဘာညာ သွားပြောတာဆိုတော့ သူတို့ပြောလိုက်တဲ့ အပစ်ခတ်ရပ်စဲရေးက KNDF နဲ့ လုံးဝမဆိုင်ဘူး။ ဆိုတော့ သူတို့သည် မရဲလို့ သူတို့နာမည်မသုံးရဲလို့ KNDF ကို အလွဲသုံးစားမှုပြုတာ” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက KNDF တပ်ဖွဲ့ထဲတွင်ပါဝင်သည့် ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကယောနီ - KNPDP) နှင့် ကယန်းပြည်သစ်ပါတီတို့က စစ်ကောင်စီ တာဝန်ရှိသူများနှင့် တောင်ကြီးမြို့တွင် သွားရောက်တွေ့ဆုံပြီးနောက် အပစ်ခတ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာခဲ့သည့်အပေါ် ကယားလီဖု ဗဟိုကော်မတီက ပြောဆိုလိုက်ခြင်းဖြစ်သည်။

သို့သော် အဆိုပါအဖွဲ့များက စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံခဲ့သည်ဆိုသည့် ဖြစ်စဉ်ကို သတင်းနှင့်မီဒီယာကွန်ရက်က သီးခြားအတည်ပြု၍ မရသေးပေ။

ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF တွင် ကရင်နီတိုင်းရင်းသားမျိုးနွယ်စုများအပြင် အခြားဒေသမှ ရွေ့ပြောင်းအခြေချလာသည့် တိုင်းရင်းသားလူမျိုးများပါဝင်သည့် ကာကွယ်ရေးတပ်ဖြစ်သည့်နှင့်အညီ စုပေါင်းခေါင်းဆောင်မှုကို အခြေခံသည့်အတွက် ယခုထုတ်ပြန်ချက်သည် စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံခဲ့သည့် အဖွဲ့အစည်းများ၏ သဘောထားသာဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီကို သွားရောက်တွေ့ဆုံခဲ့သည့် အဆိုပါ အဖွဲ့အစည်းများသည် KNDF ကို အသုံးချသွားခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

“သူတို့က လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တယ်။ သူတို့ကနေ တရားဝင်ပြောပေါ့ မီဒီယာကို ကျနော်တို့ ဒီလက်နက်ကိုင်တပ်ဖွဲ့သည် စကစကို သွားတွေ့တယ်။ တစ်လ အပစ်ခတ်ရပ်စဲရေးယူတယ်။ အခုက အဲလိုမဟုတ်ပဲနဲ့ KNDF ဆိုပြီးတော့ အသုံးချပြီးတော့ ဥစ္စာကိုအသုံးချပြီးတော့ လုပ်လိုက်တယ်” ဟု ဆက်ပြောသည်။

ထိုကြောင့် အဆိုပါထုတ်ပြန်ချက်သည် KNDF တစ်စုံလုံးကို ကိုယ်စားမပြုခြင်းမျိုးမဟုတ်ပဲ အဖွဲ့အစည်းတစ်ခု သို့မဟုတ် လူတစ်ဦးတစ်ယောက်ကိုသာ ကိုယ်စားပြုသည့် ထုတ်ပြန်ချက်သာဖြစ်သည်ဟု ဆိုသည်။

ဇွန်လ ၁၅ ရက်နေ့ ယမန်နေ့က KNDF ၏ ထုတ်ပြန်ချက်ထဲတွင် လက်ရှိ ကရင်နီပြည်တွင် KNDF နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများကြောင့် မြို့ရွာများစွာ ထိခိုက်ပျက်စီးသည့်အပြင် စစ်ဘေးရှောင်ပြည်သူ ၁ သိန်း ကျော်ဖြစ်နေပါသည်။

ထိုအခြေအနေအရပ်ရပ်ကြောင့် ဒေသအတွင်းရှိ ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် ဘာသာရေးခေါင်းဆောင်များမှ နှစ်ဖက်တိုက်ပွဲများ ယာယီ ရပ်ဆိုင်းစေလိုပါသည်ဟု ဖော်ပြထားသည်။

ထို့အပြင် KNDF တပ်ဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် ဘာသာရေးခေါင်းဆောင်များမှ နှစ်ဖက်တိုက်ပွဲများ ယာယီရပ်ဆိုင်းထားရန် စီစဉ်ဆောင်ရွက်မှုကို လက်သင့်ခံ၍ ထိုးစစ်များကို ယာယီရပ်ဆိုင်းထားမည်ဟု ထည့်သွင်းထားသည်။

ထိုထုတ်ပြန်ချက်ထဲတွင်ပါရှိသည့် ထိုးစစ်ဆိုသည့် စကားရပ်နှင့်ပတ်သက်၍ ကယားလီဖုဗဟိုကော်မတီ ပြောရေးဆိုခွင့်ရှိသူက “အဲဒီ သူတို့ရဲ့ ပထမချက်မှာက ထိုးစစ်ကိုရပ်မယ်။ ဒီသာသနာပိုင်းကလူတွေနဲ့ တွေ့ဆုံပြောလို့ဆို ထိုးစစ်တွေရပ်မယ်ဆိုတော ကျနော်တို့က ဒီမှာရှိတဲ့ လှုပ်ရှားနေတဲ့ ပြရမယ်ဆို တွန်းလှန်နေတဲ့လူတွေက ဘယ်သောအခါမှ ထိုးစစ်ထိုးတာလည်း မရှိဘူးလေ။ ဆိုတော့ သူတို့ ထုတ်ပြန်နေတာက သိပ်အဆင်မပြေတော့ အားလုံးကိုလည်း ကိုယ်စားမပြုဘူးဆိုတာကို ပြောချင်တာ” ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက် နောက်ပိုင်းမှစတင်ကာ ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်များ၏ ထိုးစစ်များကြောင့် ဒေသခံ ပြည်နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ပြီး ဒေသခံများမှာ ၎င်းတို့၏ နေရာဒေသကိုစွန့်ကာ စစ်ဘေးလွတ်ရာ တောထဲတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်မှာ ယခုအချိန်အထိဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...