စစ်ကောင်စီနှင့် တိုင်းရင်းသား တပ်ဖွဲ့များ တိုက်ပွဲကြောင့် ရှမ်းမြောက် ဒေသခံများ စစ်ဘေးရှောင်နေရ

စစ်ကောင်စီနှင့် တိုင်းရင်းသား တပ်ဖွဲ့များ တိုက်ပွဲကြောင့် ရှမ်းမြောက် ဒေသခံများ စစ်ဘေးရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ပန်ကူကျေးရွာအုပ်စုထဲက လွယ်ကန်ရွာမှ ရွာသား ၁၅၀ ကျော်သည် ယနေ့နံနက်ပိုင်းနှင့် ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်နေကြရသည်။

ကွတ်ခိုင်မြို့နယ်၊ ကုန်းဆာနှင့် လွယ်ကန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲများအကြား ယနေ့ နံနက် ၈ နာရီအချိန်ခန့်မှ ၁၀ နာရီခွဲအချိန်ထိ ပစ်ခတ်မှုများရှိနေပြီး ကျေးရွာထဲသို့လည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်လာသည့်အတွက် စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်လာရခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

ပန်ကူကျေးရွာက အမည်မဖော်လိုသူ ရွာသားတစ်ဦးက “စစ်ပွဲတွေဖြစ်နေလို့။ သူတို့က ကြားခံဖြစ်နေတာပေါ့။ ရွာဟိုဘက်နဲ့ ဒီဘက်ဖြစ်နေတော့ သူတို့က စစ်ဖြစ်နေတုန်းတော့ ကျင်း (တွင်း) တွေထဲမှာ ပုန်းနေကြတာပေ့ါ။ ဒီနေ့ကျတော့ ကျင်း (တွင်း) ထဲမှာ မအောင့်နိုင်တော့ ဒီနေ့တော့ အကုန် စစ်ရှောင်လာကြတာပါ။ ဒီနေ့တော့ နှစ်ဖက်က တိုက်ပွဲတော့ မဖြစ်တော့ဘူး။ မဖြစ်ပေမယ့် တစ်ဖက်ကပဲ လက်နက်ကြီးတွေနဲ့ လှမ်းချနေလို့၊ အဲ့ဒါကို ထိတ်လန့်လို့ ပန်ကူကို ထွက်ပြေးလာကြတာပါ။ ၁၅၀ ဟုတ်တယ်” ဟု ပြောသည်။

လွယ်ကန်ကျေးရွာအနီးတွင် ဇွန်လ ၁၅ ရက်နေ့ (ယမန်နေ့) ကလည်း စစ်ကောင်စီတပ်ဖွဲ့များနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်ကြသည့် KIA (ကချင်)၊ TNLA (တအန်း)၊ AA (ရခိုင်) နှင့် MNDAA (ကိုးကန့်) တို့အကြား ပစ်ခတ်မှုများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ရွာသားများက ပြောသည်။

ဇွန်လ ၁၆ ရက်နေ့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်ဘက်က လွယ်ကန်ကျေးရွာထဲသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ရွာသားများက ပြောသည်။

ဇွန်လ ၁၆ ရက်နေ့ (ယနေ့) နေ့လည် ၁၁ နာရီခန့်ကစတင်ပြီး လွယ်ကန်ကျေးရွာသားများ စစ်ဘေးတိမ်းရှောင်လာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယခုခါ ၎င်းတို့ကို ပန်ကူကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် နေရာချထားပေးသည်ဟု သိရသည်။

ပန်ကူကျေးရွာက စစ်ရှောင်များအား ကူညီပေးနေသူ အမျိူးသမီးတစ်ဦးက “အခုလောလောဆယ်က စစ်ရှောင်တွေကို တစ်အိမ်နည်းနည်းနည်းစီ အဲ့လိုမျိုးသွားပို့တယ်။ နောက်ပြီး တအာင်းယဉ်ကျေးမှုအဖွဲ့တွေလည်း လာတယ်။ ဘုန်းကြီးကျောင်းမှာဟုတ်တယ်” ဟု ပြောသည်။

လတ်တလောတွင် စစ်ရှောင်များအတွက် ပန်ကူကျေးရွာသားများက တစ်အိမ်နည်းနည်းစီဖြင့် စားရေးသောက်ရေးအတွက် ချက်ပြုတ်ပေးနေရပြီး ဒေသအတွင်းက လူငယ်များနှင့် တအာင်း စာပေယဉ်ကျေးမှုအဖွဲ့က စားနပ်ရိက္ခာအချို့ လာရောက်ပေးလှူခဲ့သည်ဟု ဒေသခံများက ပြောသည်။

“အခုလောလောဆယ် သူတို့က ကလေးတွေလည်း အများကြီးဆိုတော့၊ သက်ကြီးရွယ်အိုတွေလည်းပါတယ်။ စားဝတ်နေရေး နည်းနည်းပါးပါး လိုအပ်တယ်။ အခုထိ ရွာထဲမှာက စစ်သားတွေရှိနေတုန်းပဲ။ သူတို့ပြောတာကတော့ မဟာမိတ်အဖွဲ့တွေနဲ့ တပ်မတော်နဲ့။ ဖြစ်တာကတော့ မနေ့က တစ်နေကုန်ဖြစ်ပြီး၊ ဒီနေ့တော့ တပ်မတော်ဘက်က ဟိုဘက်တောင် ဒီဘက်တောင် အဲ့လိုလျှောက်ပစ်နေတာ” ဟု စစ်ရှောင်များအား ကူညီပေးနေသူ အဆိုပါအမျိုးသမီးက ဆက်ပြောသည်။

အဆိုပါ စစ်ရှောင် ၁၅၀ ကျော်အတွက် ကွတ်ခိုင်မြို့ကလူငယ်များက အခြေခံစားသောက်ကုန်အချို့၊ အဝတ်အထည်များနှင့် ကလေးငယ်များအတွက် အစာအဟာရများ သွားရောက်လှူဒါန်းခဲ့ကြသည်ဟု ကွတ်ခိုင်လူငယ်တစ်ဦးက ပြောသည်။

သို့သော် အဆိုပါတိုက်ပွဲနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...