မွန်ပြည်နယ်တွင် COVID-19 ပိုးရှိသူများ ဆက်တိုက်ပြန်တွေ့နေ

မွန်ပြည်နယ်တွင် COVID-19 ပိုးရှိသူများ ဆက်တိုက်ပြန်တွေ့နေ

မွန်ပြည်နယ်အတွင်း COVID-19 ရောဂါ ပိုးရှိလူနာ ဆက်တိုက် ပြန်လည်တွေ့ရှိလာနေပြီး ယခုလအတွင်း သေဆုံးသူလည်း တစ်ဦးရှိသည် ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတို့ထံမှ သိရသည်။

ပြည်နယ်အတွင်း၌ ပြီးခဲ့သည့် မေလဆန်းပိုင်းခန့်မှစကာ COVID-19 ရောဂါ အတည်ပြုလူနာများ ပြန်လည်တွေ့ရှိလာခြင်းဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့အထိစာရင်းများအရ ဆေးကုသမှုခံယူနေရသည့် အတည်ပြုလူနာ ၁၇ ဦး အထိရှိပြီး အသက် ၆၉ နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်။

“မော်လမြိုင်မှာ laboratory မှာ စစ်ဆေးချက်အရတော့ ဇွန်လ ၁ ရက်နေ့ကနေ စပြောမယ်ဆိုရင် နေ့တိုင်းတွေ့ တဲ့ အနေအထားတော့ မဟုတ်ပါဘူး။ တချို့ရက်တွေ မတွေ့ပါဘူး။ ဒါပေမယ့် ရှိတဲ့နေ့တွေက ၁ ယောက်၊ ၂ ယောက်၊ ၃ ယောက် အဲလိုတွေ့နေတယ်။ ပျောက်ပျောက်လေးတော့ တွေ့နေပါတယ်ခင်ဗျ” ဟု ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။

COVID-19 အတည်ပြုလူနာများသည် ပြည်ပမှ ပြန်ဝင်လာသူများရှိသကဲ့သို့ ခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့လူနာနှင့် ထိတွေ့မှုမရှိပဲ အနံ့ပျောက် လက္ခဏာပြရာမှတဆင့် ပိုးတွေ့ရှိသူများလည်းရှိသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလမှစကာ ပြည်နယ်အတွင်းက COVID-19 ရောဂါလက္ခဏာပြသူများအား ရောဂါပိုးရှိ/မရှိ  စစ်ဆေးပေးခြင်းများ ရပ်ဆိုင်းသွားခဲ့သည့်အတွက် COVID-19 ရောဂါပိုးတွေ့ရှိမှုလည်း မရှိဖြစ်လာခဲ့သည်။

ထို့နောက် ပြည်ပနိုင်ငံများတွင် COVID-19 တတိယလှိုင်းအသွင် ကူးစက်မှုရှိလာသည့်အတွက် ပြည်နယ်အတွင်း COVID-19 စစ်ဆေးမှုကို ပြန်လည်လုပ်ဆောင်လျှက်ရှိပြီး ယခုခါ ရောဂါပိုးတွေ့ရှိမှု ပြန်လည်တွေ့ရှိလာခြင်းဖြစ်သည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း COVID-19 အတည်ပြုလူနာများ ဆက်တိုက် ပြန်လည်တွေ့ရှိလာနေသည့်အတွက် ပြည်သူများ ကျန်းမာရေး အသိရှိကြရန် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူးက တိုက်တွန်းပြောဆိုလိုက်သည်။

“အားလုံး ကျန်းမာရေးအသိပညာရှိစေချင်ပါတယ်။ mask ကို စနစ်တကျ မဖြစ်မနေ တပ်ဖို့လိုပါတယ်။ လက်ကို မကြာခဏ သန့်ရှင်းဖို့လိုပါတယ်။ မလိုအပ်ပဲ အပြင်မထွက်ပါနဲ့။ လူတွေနဲ့ ခပ်ခွာခွာနေပါ။ နဂိုအတိုင်း ကိုဗစ်စည်းကမ်းအတိုင်း သတိထားစေလိုပါတယ်၊ ပြီးတော့ ကာကွယ်ဆေးကတော့ အရင်တုန်းကလည်း ထိုးပေးခဲ့တယ်။ နောက်နောင် ကာကွယ်ဆေးထိုးပေးစရာရှိရင်လည်း ဆက်ပြီးတော့ ထိုးကြစေလိုပါတယ်။ အဲတော့ ကာကွယ်ဆေး များများထိုးထားနိုင်ခြင်းသည်သာလျှင် တစ်ခုသော ဖြေရှင်းနိုင်မယ့်နည်းလမ်း နောက်တစ်ခုက mask တပ်တာ လက်ကို မကြာခဏဆေးခြင်း ခပ်ခွာခွာနေခြင်းသည်သာ အဓိက ကိုဗစ်ကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းပဲဖြစ်ပါတယ်” ဟု ဒေါက်တာနန္ဒဝင်းက ပြောသည်။

မွန်ပြည်နယ်တွင် စစ်တပ်အာဏာမသိမ်းခင် ဇန်နဝါရီလကုန်အထိ COVID-19 ရောဂါ ပိုးတွေ့လူနာ ၃၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသွားသည့် ကိုဗစ်အတည်ပြုလူနာ ၄၀ ကျော်ရှိခဲ့သည်။

Most read this week

August 11, 2026
ဧရာဝတီတိုင်းအတွင်း ပြည်သူများ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရချိန်တွင် ရေကြည်နှင့် သာပေါင်း...
August 11, 2026
ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ မင်းဇေသန့် ပြည်သူ့စစ်သင်တန်းကွင်း တိုက်ခိုက်ခံရပြီးနောက်...
August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...