ကချင်ပြည်နယ်၊ တနိုင်းဒေသ လီဒိုလမ်းမပေါ်ရှိ ယုဇနကုမ္ပဏီကသိမ်းယူခဲ့သည့် မြေများနှင့် ကုမ္ပဏီခြံဝန်းအတွင်းက ပစ္စည်းများကို မယူကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဇွန်လ ၁၀ ရက်နေ့ရက်စွဲနှင့် ထုတ်ပြန်သတိပေးလိုက်သည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယုဇနကုမ္ပဏီကို သိမ်းယူခဲ့ပြီးနောက် အနီးအနားရှိ ပြည်သူများက ဝင်ရောက်နေရာယူမှုများရှိနေပြီး၊ ကုမ္ပဏီမှ ဝန်ထမ်းအချို့လည်း ရှိနေသေးသည်ဆိုသည့်သတင်းများ ထွက်ပေါ်နေသည့်အတွက် ယခုကဲ့သို့ သတိပေးစာ ထွက်ပေါ်လာရခြင်း ဖြစ်သည်ဟု ဒေသခံအချို့ ပြောသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ကျနော်တို့ ဒီလီဒိုလမ်းပေါ်ကလူတွေပဲမဟုတ်၊ တခြား မိုးကောင်းတို့၊ တနိုင်းတို့ဘက်က လူတွေလည်းပါတယ်နော်။ ကုမ္ပဏီထဲက ပစ္စည်းတွေ၊ သံတိုသံစတွေယူတယ်။ တချို့ဆို ဝင်ပြီး စိုက်ပျိုးနေတာတွေရှိတယ်။ အဲ့ဒါ KIA က စာရင်းကောက်ခိုင်းထားတယ်” ဟု ပြောသည်။
မေလ ၁၀ ရက်နေ့တွင် ထိုနေရာကို KIA က သိမ်းထားလိုက်ပြီဖြစ်ကြောင်း KIO ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြသည်။
“ကချင်လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးဌာန၊ အနောက်ပိုင်းတိုင်းဌာနချုပ်၊ ဟူးကောင်းခရိုင်အုပ်ချုပ်ရေးရုံးက ယုဇနကုမ္ပဏီက ပီလောပီနံ စိုက်ခင်းပြုလုပ်ပြီး တရားမဝင်သိမ်းယူထားတဲ့ မြေယာတွေအားလုံးနဲ့ တရားမဝင်အသုံးပြုနေတဲ့ စက်ပစ္စည်းကရိယာတွေကို သိမ်းဆည်းရယူပြီးဖြစ်ကြောင်း၊ အဲ့ဒီနေရာမှာ တရားဝင်ခွင့်ပြုခြင်းမရှိဘဲ လယ်ယာမြေ၊ ခြံ၊ စိုက်ပျိုးခြင်း၊ တခြား အမျိုးမျိုးသော နည်းလမ်းတွေနဲ့ မြေယာတွေကို အသုံးပြုခြင်း၊ မြေနေရာ ဦးယူခြင်းတွေ လုံးဝမပြုကြဖို့နဲ့ ယုဇနကုမ္ပဏီက စက်ကရိယာပစ္စည်းတွေကို မိမိကိုယ်ပိုင်အကျိုးစီးပွားအတွက် သိမ်းယူခြင်းတွေ လုံးဝမလုပ်ကြဖို့” ဟု သတိပေးထားသည်။
ထို့အပြင် ဒေသခံပြည်သူများအနေဖြင့် ယုဇနကုမ္ပဏီက ဝန်ထမ်းများ၊ ကုမ္ပဏီမိသားစုဝင်များကို နေရာထိုင်ခင်းပေးခြင်း၊ လက်ခံခြင်းများလည်း လုံးဝလုပ်ရန်နှင့် ယခု သတိပေးလိုက်သည့်အတိုင်း လိုက်နာကျင့်သုံးခြင်းမရှိပါက မည်သူပင်ဖြစ်စေ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တနိုင်းသွားလမ်းပေါ်ရှိ ဘန်ကောက်ကျေးရွာအနီးရှိ ယုဇနကုမ္ပဏီပိုင် ဝန်းတစ်ဝန်းလုံးအပြင်၊ ဝန်းအတွင်းရှိ အဆောက်အဦများ၊ စက်ပစ္စည်းများကို ကချင်လွတ်လပ်ရေးတပ်မတော်က ဧပြီလတုန်းက တစ်ကြိမ်၊ မေလတုန်းက တစ်ကြိမ် နှစ်ကြိမ် ဝင်ရောက်ဖျက်ဆီးပြီး သိမ်းယူထားခြင်းဖြစ်သည်။
တနိုင်း-လီဒိုလမ်းမကြီးပေါ်က ဟူးကောင်း ချိုင့်ဝှမ်းဒေသအတွင်းရှိ ရှဒူးဇွပ်၊ နမ့်ဖြတ်၊ တိန်ကောက်၊ တနိုင်း၊ ဝါရာဇွပ်၊ နောင်း မီ၊ စံပြ၊ အောင်ရာနှင့် ကောင်းရာကျေးရွာများက ဘိုးဘွားပိုင် မြေဧက ၂ သိန်းကျော်ကို ယုဇနကုမ္ပဏီက ၂၀၀၆ ခုနှစ်ကတည်း သိမ်းယူခဲ့ခြင်းကြောင့် မြေယာအငြင်းပွားမှုများ ယနေ့အချိန်ထိ ဖြစ်ပွားနေခြင်းဖြစ်သည်။
၂၀၀၆ ခုနှစ်တွင် ယုဇနကုမ္ပဏီက မြေလွတ်မြေရိုင်းအဖြစ် စစ်အစိုးရထံလျှောက်ထားကာ သိမ်းဆည်းလိုက်သည့်နောက် စီးပွားဖြစ် ပီလောပီနံများ စိုက်ပျိုးထားခြင်းဖြစ်သည်။
၁၅ နှစ်ကျော်အကြာ ကုမ္ပဏီက သိမ်းယူခဲ့သည့် အဆိုပါနေရာကနေ ယုဇနကုမ္ပဏီအနေဖြင့် အပြီးအပိုင် ထွက်သွားပေးရန်၊ ယုဇနကုမ္ပဏီကို လုံးဝ အလိုမရှိကြောင်း၊ ၎င်းတို့၏မြေပေါ်မှာ အပြီးအပိုင် ထွက်သွားပေးပြီး ဒေသခံဌာနေပြည်သူ တောင်သူလယ်သမားများ အခွင့်အရေးရရှိရေးနှင့် မိမိတို့ပိုင်မြေယာများကို ကိုယ်ပိုင်စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း ဧပြီလ ၇ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။








