ကရင်နီ စစ်ဘေးရှောင်များထံသို့ ပို့ဆောင်မည့် စားနပ်ရိက္ခာများနှင့် ဆေးဝါးများကို မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးလိုက်သည် ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ပြောသည်။
မိုးဗြဲမြို့နယ်အတွင်းရှိ တောတောင်ထဲတွင် ထွက်ပြေးခိုလှုံနေရသည့် စစ်ဘေးရှောင်များထံသို့ ပို့ဆောင်မည့် စားနပ်ရိက္ခာများနှင့် ဆေးဝါးများကို ဇွန်လ ၁၁ ရက် (ယနေ့) နံနက် ၁၀ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်များက သယ်ဆောင်ခွင့်မပေးပဲ မီးရှို့ဖျက်ဆီးလိုက်သည်ဟု စစ်ဘေး ရှောင်များကို အကူအညီပေးနေသူတစ်ဦးက ပြောသည်။
၎င်းက “အဲဒီ အနောက်ပဒေါင်မှာရှိတဲ့ ဒုက္ခသည်အတွက် စစ်ဘေးရှောင်တွေကို လာပို့ဖို့ စီစဉ်ထားတယ်လို့တော့ထင်တယ်။ ဖြတ်သွားတော့ အဲဒီ လွယ်ရင်းမင်္ဂလာလမ်းကို ဖြတ်ပြီးတော့မှ အနောက်ပီကင်းဖြစ်ဖြစ် အနောက်ပဒေါင်ဖြစ်ဖြစ် ပြန်ရတာကိုး ဆိုတော့ စစ်တပ်က အဲမှာဖြတ်ပြီးတော့မှ ဖြတ်တားပြီးမှ မီးရှို့ပုံရတယ်” ဟု ပြောသည်။
စားနပ်ရိက္ခာများနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးလိုက်သည်မှာ သေချာသော်လည်း မီးရှို့ဖျက်ဆီးခဲ့သည့်ကိစ္စရပ်နှင့် ပတ်သက်၍ အသေးစိတ်အခြေအနေကို မသိရကြောင်း ဆိုသည်။
“မီးရှို့တာကတော့ မိုးဗြဲ လွယ်ရင်း မင်္ဂလာမှာတော့ မီးရှို့တာတော့ သေချာတယ်။ အိတ် ၈၀ ဒါပေမယ့် အသေးစိတ်ခါကျတော့ သူတို့လည်း မသိဘူးလို့ ပြောတယ်လေ။ ဆန်အိတ် ၈၀ ဆို စစ်ရှောင် အယောက် ၅၀၀ စာ လောက်တော့ရှိမယ်ဗျာ” ဟု အဆိုပါ စစ်ဘေးရှောင်များကို အကူအညီပေးနေသူက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့က မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၌ ဖြစ်ပေါ်နေသော လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်ထဲတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့် သွားရောက်ကူညီသူများကို ဘေးကင်းစွာ သွားလာခွင့်ပြုရန်နှင့် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများအား ကယားပြည်နယ်အပါအဝင် နိုင်ငံအတွင်းရှိ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးတကြီး လိုအပ်နေသူများအားလုံးထံ အကူအညီများ တိုက်ရိုက်သွားရောက်ပေးခွင့်ပြုရန် လုံခြုံရေးတပ်ဖွဲ့များအား ကုလ သမဂ္ဂအဖွဲ့က တောင်းဆိုပါသည်ဟု ပါရှိသည်။
ထို့သို့ ထုတ်ပြန်တောင်းဆိုထားသော်လည်း စစ်ဘေးရှောင်များထံသို့ ရိက္ခာသွားရောက်ပို့ဆောင်သူများမှာ အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့နေရဆဲဖြစ်သည်ဟု ဆိုသည်။
ပီကင်းကောခူ စစ်ဘေးရှောင်က တာဝန်ရှိသူတစ်ဦးက “တိုက်ပွဲတွေ ဖြစ်တဲ့နေရာမှာဆိုတော့ အရပ်သားတွေရယ် စစ်ဘေးဒုက္ခသည်ကိုတော့ အလွတ်ထားပေးဖို့ရယ် နောက်ကျနော်တို့ စစ်ဘေးဒုက္ခသည် ကူညီတဲ့လူတွေကိုလည်း ရိက္ခာသွားပို့တဲ့အချိန် ရိက္ခာတွေပို့တဲ့လူကို မပစ်ဖို့ရယ်။ နောက် ရိက္ခာသွားပို့တဲ့လမ်းကြောင်းတွေကို မပိတ်ဆို့ထားဖို့ရယ်။ အဓိက အာဏာပိုင်တွေကို ကျနော်ကတော့ ပြောချင်ပါတယ်” ဟု ပြောသည်။
လက်ရှိ ကယား (ကရင်နီ) ပြည်နယ်တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူကာကွယ်ရေးတပ်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲများကြောင့် ဒေသခံများမှာ စစ်ဘေးလွတ်ရာ တောထဲတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် အစားအသောက်၊ ဆေးဝါးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အဖက်ဖက်မှ လိုအပ်လျက်ရှိနေသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ပြောသည်။







