ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ကညင်ချောင်းစီးပွားရေးဇုန်၊ နယ်စပ်ကုန်သွယ်ရေး ဆိပ်ကမ်းစခန်းတွင် တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့် ကြက်သွန်နီတင်ဆောင်လာသည့် ကုန်ကားအစီးရေ (၂၀၀) နီးပါး ပိတ်မိနေကြောင်း မောင်တောနယ်စပ်ရှိ ကုန်သည်များထံမှ သိရသည်။
ယခုကဲ့သို့ ကြက်သွန်နီတင်ဆောင်လာသည့် ကုန်ကားအရေအတွက် ဒါဇင်ပေါင်းများစွာ မောင်တော နေစပ်ကုန်သွယ်ရေးဆိပ်ကန်း၌ ပိတ်မိနေခြင်းမှာ စစ်တွေရှိ ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်းနှင့် တောင်ကုတ်ရှိ နယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်းများမှ စက်လှေများ မထွက်သည့်အတွက်ဖြစ်ကြောင်း မောင်တော လူငယ်ကုန်သွယ်စီးပွားရေးလုပ်ငန်းရှင် ကိုအောင်နိုင်စိုးက ဆိုသည်။
မောင်တော လူငယ်ကုန်သွယ်စီးပွားရေးလုပ်ငန်းရှင် ကိုအောင်နိုင်စိုးက “ကျနော်တို့သိရတဲ့ သတင်းရင်းမြစ်တွေအရတော့ ကျနော်တို့ ရခိုင်ကမ်းရိုးတန်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုရှိတယ်လို့ မိုးလေဝသက ကြေညာထားတယ်။ စက်လှေတွေက အရမ်းမထွက်ရဲဘူး။ တောင်ကုတ်မြို့ကနေထွက်တဲ့ ကုန်တင်ဘုတ်တွေဆိုရင်လည်း ဘင်္ဂလားဒေ့ တစ်ကြိမ်သွားပြီးရင် တစ်ကြိမ် Quarantine ဝင်ရတယ်။ ဒါကြောင့် တောင်ကုတ်ဘက်ကပေါ စစ်တွေဖက်ကပါ သွားလို့မရဘူးဆိုတော့ ဒီဘက် မောင်တောနယ်စပ်ကုန်သွယ်ရေးတစ်ခုပဲ ကျန်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းက ဆင်းလာတဲ့ ကုန်ကားတွေအားလုံးက မောင်တောမှာ စုနေကြတယ်” ဟု ပြောပြသည်။
ယခုလက်ရှိ မောင်တောနယ်စပ်ကုန်သွယ်ရေး ဆိပ်ကမ်းတွင် ပိတ်မိနေကြသည့် ကုန်ကားများမှ ကြက်သွန်နီများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘင်ဒရိုဘင်ခရိုင်ဆိပ်ကမ်း (ရခိုင်ဘက်ခြမ်းအခေါ် ကယုချောင်း) သို့ ပို့ဆောင်မည့်ကုန်များဖြစ်ကြောင်း သိရသည်။
ယခုကဲ့ သို့ကြက်သွန်နီတင် ကုန်ကားများပိတ်မိနေခြင်းမှာ စက်လှေ (ဘုတ်) ပေါ်သို့ ကုန်များတင်ဆောင်မည်ကို စောင့်ဆိုင်းနေရသည့်အတွက် ဖြစ်နိုင်ကြောင်း ရခိုင်ပြည်နယ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးသန်းထွန်းက ပြောသည်။
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးသန်းထွန်းက “အစိုးရကတော့ ကိုဗစ်ကာကွယ်ရေးတွေနဲ့ တိတိကျကျဆောင်ရွက်နေပါတယ်။ စစ်တွေမှာဆိုရင်လည်း နယ်စပ်ကုန်သွယ်ရေးဘုတ်က လူတွေကုန်းပေါ်မတက်ရဆိုပြီး သတ်မှတ်ထားတယ်။ ကိုဗစ်နဲ့ဆက်စပ်ပြီး သတ်မှတ်ထားတဲ့ ပုံစံအတိုင်းဆိုရင် သွားပေါ့။ တောင်ကုတ်ဘက်ကလာတဲ့ စက်လှေ (ဘုတ်) တွေကတော့ စစ်တွေမှာရပ်ရတယ်။ မိုးလေဝသအခြေအနေကြောင့် စစ်တွေက စက်လှေ (ဘုတ်) တွေ မထွက်ကြဘူး” ဟု ပြောသည်။
တောင်ကုတ်မြို့ရှိ ဆိပ်ကမ်းမှလာသည့် ကုန်တင်ဘုတ်များသည် စစ်တွေတွင်ရပ်နားရပြီး ထိုမှတဆင့် မောင်တောမြို့နယ်ရှိ ကညင်ချောင်းစီးပွားရေးဇုန် နယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်းသို့ ပို့ဆောင်ကာ ယင်းမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာရကြောင်းလည်း သိရသည်။
မောင်တောနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကို ပြီးခဲ့သည့်နှစ် ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့သည့် ဧပြီလဒုတိယပတ်ခန့်က ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။







