မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာသင်ကျောင်းအချို့တွင် မိုင်းတွေ့ရှိမှု၊ ဗုံးပေါက်ကွဲမှုများနှင့် စာသင်ကျောင်းဆောင် မီးလောင်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသည့်အတွက် ကျောင်းသူ၊ ကျောင်းသားများနှင့် ကျောင်းသားမိဘများက စိုးရိမ်ပူပန်နေကြသည်။
သံဖြူဇရပ်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းဆောင်တစ်ခုအတွင်း မပေါက်ကွဲသေးသည့် လက်လုပ်ချိန်ကိုက်မိုင်း ၃ လုံး တွေ့ရှိပြီးနောက် ကျောင်းဆက်ပို့ရန်ပင် စိုးရိမ်နေရသည်ဟု မိဘများကပြောသည်။
“ခလေးတွေအတွက် စိုးရိမ်တာတော့ အမှန်ပဲ အခုက မပေါက်ကွဲခင်တွေ့သွားလို့ တော်သေးတာလေ။ ဘယ်သူမှမတွေ့ပဲ ခလေးတွေ ကျောင်းရောက်ချိန်မှ ထပေါက်သွားရင် ဘယ်လိုလုပ်မလဲ မတွေးရဲစရာပါ၊ ရှေ့ဆက်ရော ဘယ်လိုလုပ်လာမလဲ ဘယ်သူမှမသိနိုင်ဘူး ခလေးအတွက် ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ဘူး” ဟု သံဖြူဇရပ်မြို့က ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ဇွန်လ ၃ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က ချိန်ကိုက်မိုင်းများကို ကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင်တစ်ခု၏ အမှိုက်ပုံးနေရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ အချိန်မီ လာရောက်ရှင်းလင်းခဲ့သည်ဟုလည်း မြို့ခံများက ပြောသည်။
“ကျောင်းဆောင်တစ်ခုမှာ တွေ့တယ်လို့တော့ သိရတယ်၊ စစ်တပ်ကနေ လာရှင်းသွားတယ်၊ ကျောင်းလည်းဖွင့်နေတော့ ကျောင်းထဲမှ မိုင်းတွေ့တယ်ဆိုတော့ အကုန်လုံးက စိုးရိမ်ထိတ်လန့်နေကြတာပေါ့” ဟု သံဖြူဇရပ် မြို့ခံတစ်ဦးက ပြောသည်။
အလားတူ ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ရေးမြို့ရှိ အခြေခံပညာ အလယ်တန်းကျောင်းတစ်ကျောင်းတွင်လည်း မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထိုကဲ့သို့ ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းအချို့တို့တွင် ဗုံးတွေ့ရှိမှု ဆက်တိုက်ရှိလာသည့်အတွက် ကျောင်းသူ၊ ကျောင်းသားများနှင့် ကျောင်းသားမိဘများအကြား စိုးရိမ်ထိတ်လန့်စရာ ဖြစ်နေကြသည်။
ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှစကာ စတင်ဖွင့်လှစ်နေပြီး ကျောင်းတက်သည့် ကျောင်းသူ၊ ကျောင်းသားနည်းသော်လည်း ပြည်နယ်အတွင်းရှိ ကျောင်းတိုင်းတွင် ကျောင်းတက်နေသည့် ကျောင်းသူ၊ ကျောင်းသားများရှိသည်ဟု ပညာရေးဝန်ထမ်းအချို့၏ ပြောပြချက်အရ သိရသည်။
ကျောင်းစဖွင့်သည့် ဇွန်လ ၁ ရက်နေ့တုန်းကလည်း ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းတစ်ခုတွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။
၎င်းအပြင် ပြည်နယ်အတွင်းရှိ စာသင်ကျောင်းဆောင်အချို့ မီးလောင်သွားသည့်ဖြစ်ရပ်များလည်း ဖြစ်ပွားခဲ့သည်။
လက်ရှိတွင် စာသင်ကျောင်းဆောင်များ မီးလောင်ခြင်း ကျောင်းဝင်းအတွင်း ဗုံးတွေ့ရှိမှု ဗုံးပေါက်ကွဲမှု ဖြစ်ပွားလာသည့်နောက်ပိုင်း စာသင်ကျောင်းများ အထူးသဖြင့် ရပ်/ကျေးများတွင်ရှိနေသည့် စာသင်ကျောင်းများကို ရပ်ရွာလူထုများက အလှည့်ကျဖြင့် ကျောင်းများကို လုံခြုံရေးယူပေးနေရသည်ဟု ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။







