ကိုဗစ်-၁၉ ထပ်တိုးရိုက်ခတ်မှုနှင့်အတူ ယိုယွင်းလာနေသည့် မြန်မာ့ကျန်းမာရေးစနစ်

ကိုဗစ်-၁၉ ထပ်တိုးရိုက်ခတ်မှုနှင့်အတူ ယိုယွင်းလာနေသည့် မြန်မာ့ကျန်းမာရေးစနစ်
ပုံစာ - ကိုဗစ်လူနာတစ်ဦးကို မိသားစုဝင်တစ်ဦးနှင့်အတူ ၂၀၂၁ ခုနှစ် မေလ ၂၈ ရက်နေ့က ကျီခါးဆေးရုံတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)
ပုံစာ - ကိုဗစ်လူနာတစ်ဦးကို မိသားစုဝင်တစ်ဦးနှင့်အတူ ၂၀၂၁ ခုနှစ် မေလ ၂၈ ရက်နေ့က ကျီခါးဆေးရုံတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)

အသက်ရှူရန်ခက်ခဲကာ အပူချိန်မြင့်တက်နေသလို သူတို့ကို အသက်ဆက်ပေးမည့် အောက်ဆီဂျင်လည်း အပိုမရှိသည့်အခြေအနေဖြင့် အိန္ဒိယနယ်စပ်အနီးရှိ ဆေးရုံတစ်ရုံ၌ ကိုဗစ်လူနာသစ် ၁၉ ဦးသည် ဖေဖော်ဝါရီလနောက်ပိုင်း ပျက်ယွင်းမှုလာနေသည့် ကျန်းမာရေးစနစ်ကို စိန်ခေါ်လျက်ရှိသည်။

သူနာပြုခေါင်းဆောင်ဆရာမ Lun Za En တွင် ကျီခါးဆေးရုံတွင် ကိုဗစ်-၁၉ လူနာ ခုနစ်ဦးကို နေ့ရောညပါပြုစုရာတွင် ကူညီနိုင်မည့် ဓာတ်ခွဲခန်းပညာရှင်တစ်ဦးနှင့် ဆေးဝါးကျွမ်းကျင်အကူတစ်ဦးရှိသည်။ အများအားဖြင့် အားပေးစကားများပြောခြင်းနှင့် ပါရာစီတမောပေးခြင်းသာ ဖြစ်သည်။

“ကျွန်မတို့မှာ အောက်ဆီဂျင် အလုံအလောက်မရှိဘူး။ ဆေးပစ္စည်းကိရိယာ အလုံအလောက်မရှိဘူး။ လျှပ်စစ်မီးမမှန်ဘူး။ အလားတူပဲ ဆရာဝန်တောင်မှ အင်အားအလုံအလောက်မရှိပါဘူး။ ဒါမှမဟုတ် လူနာတင်ယာဉ်တောင် ပြည့်စုံအောင်မရှိဘူး” ဟု လူဦးရေတစ်သောင်းကျော်သာရှိသော မြို့ကလေးရှိ အသက် ၄၅ နှစ်အရွယ် ဆရာမကြီးက ရိုက်တာကိုပြောကြားသည်။

“ကျွန်မတို့ဟာ ကျန်းမာရေးဝန်ထမ်း ၁၁ ဦးအင်အားနဲ့ လုပ်ရမှာကို လူ ၃ ဦးနဲ့ လည်ပတ်နေရတယ်” ဟုလည်း သူကပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ရွေးကောက်ခံအစိုးရအား ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်ကဖြုတ်ချခဲ့ပြီးနောက်တွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်း၊ သီးခြား စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကုသမှုပေးခြင်းတို့ကို အရှိန်မြှင့်လုပ်ဆောင်နေသည့် အရပ်သားအစိုးရ၏ ကိုဗစ်တိုက်ဖျက်ရေးစီမံချက်သည် အခြားသော ကျန်းမာရေးစနစ်များနည်းတူ လဲပြိုခဲ့ရသည်။

ဆရာဝန်များနှင့် သူနာပြုများသည် စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်သည့် အကြမ်းမဖက် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု သပိတ်မှောက်ဆန့်ကျင်ခြင်းတွင် ရှေ့တန်းကပါဝင်ခဲ့ပြီး ပြည်သူ့ဆေးရုံများတွင် ကျန်းမာရေးဝန်ဆောင်မှုများ ပြိုပျက်ခဲ့သည်။ ရှေ့တန်းဆန္ဒပြမှုများမှာ တစ်ခါတရံတွင် သွေးထွက်သံယိုမှုများဖြင့် နှိမ်နင်းခံခဲ့ရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ မြန်မာပြည်ဌာနေကိုယ်စားလှယ် Stephan Paul Jost က ဆရာဝန်၊ ဆေးကျောင်းသား ၁၃ ဦး အသတ်ခံခဲ့ရပြီး ကျန်းမာရေးဝန်ထမ်း၊ ဆေးကုသမှုဆိုင်ရာ ကိရိယာတန်ဆာပလာနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များကို တိုက်ခိုက်မှုပေါင်း ၁၇၉ ခုရှိခဲ့ကြောင်းနှင့် ထိုအရေအတွက်သည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ယခုနှစ်တွင် တိုက်ခိုက်ခံရမှု၏ ထက်ဝက်နီးပါးဖြစ်နေကြောင်း ပြောကြားသည်။

ဖမ်းဆီးခံရသော ကျန်းမာရေးဝန်ထမ်း ၁၅၀ ဦးခန့်ရှိသည်။ ဆရာဝန်နှင့် သူနာပြု ရာပေါင်းများစွာသည် ပုဒ်မတပ်စွပ်စွဲခံရပြီး ဖမ်းဆီးရန် အလိုရှိသူများစာရင်းတွင် ပါဝင်နေသည်။

မြန်မာစစ်တပ်၏ ပြောရေးဆိုခွင့်ရသူတစ်ဦး သို့မဟုတ် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကမျှ မှတ်ချက်ပေးရန်တောင်းဆိုမှုကို တုန့်ပြန်ခြင်းမရှိပါ။ စစ်တပ်က ဖွဲ့စည်းထားသည့် အုပ်ချုပ်ရေးကောင်စီသည် ကနဦးပိုင်းတွင် ကပ်ရောဂါတိုက်ဖျက်ရေးကို ဦးစားပေးဆောင်ရွက်ရန်စီစဉ်ကာ ကျန်းမာရေးဝန်ထမ်းများကို အလုပ်ပြန်ဝင်ကြရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ပြန်ဝင်လာသူ အနည်းငယ်သာရှိခဲ့သည်။

ရောဂါပိုးဓာတ်ခွဲစမ်းသပ်မှု ရပ်ဆိုင်းသွားခြင်း

မြန်မာ့စီးပွားရေးမြို့တော် ရန်ကုန်မြို့ရှိ ကိုဗစ်-၁၉ ရောဂါ ကွာရန်တင်းစင်တာတစ်ခု၏ တာဝန်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအားလုံး လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း ထိုစင်တာရှိ အလုပ်သမားတစ်ဦးက ပြောကြားသည်။

“ထိုကာလနောက်ပိုင်းကစပြီး ကိုဗစ်စစ်ဆေးတဲ့စင်တာတွေမှာ စစ်ဆေးပေးမယ့် ဝန်ထမ်းမရှိတော့လို့ လူနာအသစ် လက်မခံတော့ဘူး” ဟု အမည်မဖော်လိုသူ အဆိုပါအလုပ်သမားက ဆိုသည်။

အာဏာမသိမ်းခင် တစ်ပတ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ရက်လျှင် ကိုဗစ်စစ်ဆေးမှုမှာ ပျမ်းမျှအရေအတွက်အားဖြင့် ၁၇,၀၀၀ ကျော်ရှိခဲ့သည်။ ထိုအရေအတွက်မှ ခုနှစ်ရက်အတွင်း တစ်နေ့လျှင် ၁,၂၀၀ အောက် ကျဆင်းခဲ့ရသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် လူနာသစ်တွေ့ရှိမှုနှင့် သေဆုံးမှုများမှာ အလွန်အမင်း နည်းပါးသွားသဖြင့် စစ်ဆေးမှုများ တိုးမြင့်လာသော်လည်း ကိန်းဂဏန်းအချက်အလက်များအပေါ်  သံသယများ ပိုမိုတိုးလာခဲ့ရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၃,၂၀၀ ကျော်နှင့် အတည်ပြုလူနာ ပေါင်း ၁၄၀,၀၀၀ ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လတ်တလောတွင် ပဋိပက္ခဖြစ်ပွားချိန် ကျန်းမာရေးစနစ်သည် အိန္ဒိယ၊ ထိုင်းနှင့် အခြားအိမ်နီးချင်းနိုင်ငံများတွင် ပျံ့နှံ့နေသော ကိုဗစ်-၁၉ ရောဂါပိုးမျိုးစိတ်များ ကူးစက်လာနိုင်သည့်အန္တရာယ် သက်ရောက်လာနိုင်မည့် အလားအလာအပေါ်  စိုးရိမ်ပူပန်မှုများ မြင့်တက်စေသည်။

မေလအလယ်ပိုင်းကစပြီး ကျီခါးဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာများ စတင်ပြလာသည့် လူနာများတွေ့ရသည်။ ဆေးရုံတည်ရှိရာ နေရာသည် အိန္ဒိယနိုင်ငံနှင့် ၆ ကီလိုမီတာသာဝေးရာ ကျန်းမာရေးဝန်ထမ်းများသည် စစ်ဆေးရန် မဆောင်ရွက်နိုင်သော်လည်း ကူးစက်မှုနှုန်းမြင့်သည့် B16172 ရောဂါပိုးမျိုးဖြစ်နိုင်သည့် ဖျားနာမှုဖြစ်လာနိုင်သည်ကို စိုးရိမ်နေကြသည်။

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲစမ်းသပ်မှု၊ ကုသမှုနှင့် ကာကွယ်ဆေးထိုးနှံမှုတို့ ဆောင်ရွက်ရန် မြန်မာနိုင်ငံတွင် များစွာ အခက်အခဲဖြစ်နေပြီး ပိုမိုပြင်းထန်သည့် မျိုးစိတ်သစ်များ ပျံ့နှံ့လာခြင်းအတွက် ပြည်သူများစွာ အသက်ဆုံးရှုံးနိုင်သည့်အန္တရာယ်နှင့် ကြုံတွေ့နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းနှင့် လခြမ်းနီအသင်း၏ မြန်မာနိုင်ငံဆိုင်ရာ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး လုပ်ငန်းမန်နေဂျာဖြစ်သူ Luis Sfeir Younis ကပြောကြားခဲ့သည်။

ရောဂါပိုးတွေ့ရှိမှု တိုးလာခြင်း

ကျီခါးတွင် ပိုးတွေ့လူနာ ၂၄ ဦးစစ်ဆေးတွေ့ရှိရပြီး ခုနစ်ဦးမှာ ရောဂါပြင်းထန်ပြီး ဆေးရုံတွင် ကုသမှုခံယူရန်လိုအပ်ကြောင်း Lun Za En ကပြောသည်။ လူနာအနည်းငယ်သာ စစ်ဆေးနိုင်ခဲ့သည့် လက္ခဏာဖြစ်သည်။

လက်ရှိအချိန်တွင် ကျီခါးမြို့နယ်အပါအဝင် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ နေရာများတွင် အိမ်တွင်နေထိုင်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း အထင်ကြီးလေးစားလောက်ဖွယ် အကျိုးရလဒ်ကောင်းများ ရခဲ့သည့်နှစ်များကို ပြောင်းပြန်လှန်လိုက်သကဲ့သို့ ရုတ်တရက် ထိုးဆင်းသွားစေခဲ့သည့် ကျန်းမာရေးစနစ်၏ အခက်အခဲများကို နားလည်သိမြင်ကြောင်းနှင့် အကူအညီပေးနိုင်မည့် ဒေသတွင်းရှိ တာဝန်ရှိသူများနှင့် အခြားအဖွဲ့များကို ဆက်သွယ်ညှိနှိုင်းနေကြောင်း ပြောကြားသည်။

“နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းဖို့ နိုင်ငံရေးအဆင့်မှာ ဆုံးဖြတ်ချက်တစ်ခု မချနိုင်ဘူးဆိုရင်တော့ ဒီကပ်ဘေးကြီး ဘယ်လိုပြေလည်လာမယ်ဆိုတာ မရေရာဘူး” ဟု Jost ကပြောသည်။

Lun Za En ကမူ သူတို့အဖွဲ့သည် လူနာများ အသက်ရှုရခက်ခဲနေမှုကို သက်သာစေရန် အငွေ့အဖြစ် ပြောင်းပေးသည့်စက်များနှင့် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြကြောင်း ဆိုသည်။ အချို့လူနာများတွင် အောက်ဆီဂျင်ပေးသည့်စက်များရှိသော်လည်း မြို့ကို တစ်ရက်တာအတွင်း လျှပ်စစ်မီးပေးသည့်အချိန် နှစ်နာရီသာ သုံး၍ရသည်။

ဖျားနာနေသည့်လူနာများကို ထားခဲ့ရန် မဖြစ်နိုင်သဖြင့် သပိတ်မှောက်မှုတွင်မပါဝင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဆရာမကြီးကပြောသည်။ “အာဏာရှင်တွေက ကျွန်မတို့ လူနာတွေကို ဂရုစိုက်မှာမဟုတ်ဘူး” ဟုလည်း သူမကဆိုသည်။

မြန်မာနိုင်ငံတလွှား သပိတ်မှောက်ဆရာဝန်များသည် လူနာများကိုကူညီရန် လျို့ဝှက်ထားသည့် ဆေးခန်းများတွင် ကုသရန်ဆောင်ရွက်ခဲ့ကြသည်။ ရန်ကုန်မြို့အနီးဝန်းကျင်တွင် ဆေးခန်းသုံးခုကို မြန်မာနိုင်ငံကြက်ခြေနီ စေတနာ့ဝန်ထမ်းများက ဖွင့်လှစ်ခဲ့ပြီးနောက် လူနာဒါဇင်များစွာ ခဏအတွင်း ရောက်ရှိလာကြသည်။

အခြေခံကျသော ပြုစုကုသမှုများကို ယခုနည်းလမ်းများဖြင့် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်သည်။

“ဆေးရုံတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ အစိုးရဆေးရုံတွေ။ Medicins Sans Frontieres (MSF) ဒါမှမဟုတ် အခြားအဖွဲ့တွေ ဝင်ကူနိုင်မှာ မဟုတ်ဘူး။ ဝန်အလွန်ကြီးတယ်” ဟု  MSF အကူအညီပေးရေးအဖွဲ့ အကြီးအကဲ Marjan Besuijen က ပြောကြားသည်။

ပြည်သူလူထု တက်ရောက်ကုသနိုင်အောင် စစ်ဆေးရုံများကို ပေးခဲ့သော်လည်း လူအများမှာ သူတို့ကို ကြောက်ရွံခြင်း သို့မဟုတ် အာဏာမသိမ်းခင် ရက်အနည်းငယ်အလိုက ဖြုတ်ချခံခဲ့ရသည့် အစိုးရ၏ စီမံချက်တစ်ခုဖြစ်သော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံခြင်းအပါအဝင် အခြားသော စည်းကမ်းချမှတ်မှုများကို လိုက်နာရန် ငြင်းဆန်ခြင်းများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“ကူးစက်မှုအသစ်တွေ တစ်နိုင်ငံလုံး ပြန့်သွားမှာကို ကျွန်မအရမ်းစိုးရိမ်တယ်။ လူနေထူထပ်တဲ့မြို့တွေမှာ ပြန့်သွားရင်တော့ ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်မှာ” ဟု Lun Za En က ဆိုသည်။

မေမိုး

ရိုက်တာ သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် Myanmar COVID-19 outbreak hits health system shattered after coup ကို မြန်မာပြန်ဆိုသည်။

April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...