KNPP နှင့် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ပွဲနှစ်ကြိမ်ဖြစ်

KNPP နှင့် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ပွဲနှစ်ကြိမ်ဖြစ်

ကယားပြည်နယ် (ကရင်နီ)၊ ဖားဆောင်းမြို့နယ်ထဲတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KNPP က ပြောသည်။

ဖားဆောင်းမြို့နယ်၊ ခဲမဖြူ-မော်ချီးလမ်းမကြီးပေါ်တွင် မေလ ၂၇ ရက်က အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု KNPP ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

“စဖြစ်တာက ဖာဆောင်းမှာ။ ပြီးတော့ နောက်ပိုင်းတွေက PDF နဲ့ ဖြစ်တာများတယ်။ အဲ့ဒီမှာ ကြားတာကတော့ မိုင်းထိတယ်။ မိုင်းထိပြီးမှ သွားရှင်းတာကို အဲ့မှာတိုးပြီး ဖြစ်တယ်လို့ကြားတယ်။ စစ်ကောင်စီက သူတက်လာတယ်။ တက်လာလို့ပဲဖြစ်တာပေါ့။ ဖာဆောင်းနဲ့ မော်ချီးကြားမှာ ၆ မိုင်၊ ၇ မိုင်ပေါ့ သူတို့အခေါ်အဝေါ်ပေါ့။ ကျနော်တို့ဘက်ကတော့ အကျအဆုံးမရှိဘူး။ သူတို့ဘက်ကတော့ ရှိတယ်လို့ပြောတယ်။ အတိအကျတော့ မသိသေးဘူး”

စစ်တပ်က အာဏာသိမ်းပြီးနောက် KNPP နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဆက်ပြောသည်။

အဆိုပါတိုက်ပွဲများမှာ မေလ ၂၀ ရက်နေ့က တစ်ကြိမ်နှင့် မေလ ၂၇ ရက်နေ့က တစ်ကြိမ်၊ ဖားဆောင်းမြို့နယ်ထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ ဒီ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်တာလောက်က နှစ်ကြိမ်လောက်ပဲရှိတယ်။ ပထမတစ်ကြိမ်ကတော့ ကျနော်တို့ တချို့ လူငယ်သင်တန်းလုပ်တယ်လေ။ လူငယ်သင်တန်းလုပ်တဲ့နေရာမှာ သူတို့သွားရှင်းတော့ အဲ့နားမှာ တစ်ခါဖြစ်တယ်။ နောက် မနေ့က တစ်ခါဖြစ်တယ်။ အဲ့ဒါပါပဲ။ ဖားဆောင်းမြို့နယ်ထဲမှာပဲ အဲ့ဒီနှစ်ခုစလုံး” ဟု KNPP ဗဟိုကော်မတီဝင်က ဆက်ပြောသည်။

ထို့အပြင် ဒီမော့ဆိုမြို့နယ်ထဲတွင် စစ်ကောင်စီတပ်က မေလ ၂၈ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီအချိန်ခန့်က စတင်၍ တစ်ရက်လုံး အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ကရင်နီပြည်သူ့ကာကွယ်ရေးတပ်နှင့် ဒေသခံများက အတည်ပြုပြောသည်။

ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦးက “အခုက ကျနော်တို့က ပစ်နေတာမဟုတ်ပဲနဲ့ အနီးကပ်စောင့်ကြည့်နေရတဲ့ အနေအထားဗျ။ သူတို့ဘက်က ဆက်တိုက်ထုနေလို့လေ။ ညတစ်နာရီကနေ အခုထိထုနေတာကော။ ခနနား ခနနားနဲ့ တနေ့လုံးထုနေတာပေါ့နော်။ ကျနော်တို့က ခံပစ်နေရတဲ့ အနေနဲ့ပဲ နေနေပါ တယ်။ ဒီမှာ ဖုန်းလိုင်းလည်း အဆင်မပြေလို့လေ။ ခန့်မှန်းတာတော့ လွိုင်ကော်ဘက် မြကလပ်တောင်ဘက်ကနေလို့ ခန့်မှန်းတယ်။ အခုက ထွက်လို့လည်းမရဘူး။ Sniper သမားတွေလည်း ရှိနေလို့လေ။ အခုက ဘယ်သူမှလည်း မထွက်ရဲကြဘူး။ အခုပြောနေရင်းတောင် ထုနေတယ်” ဟု ပြောသည်။

ယခုရက်ပိုင်း ဖြစ်ပွားနေသည့် ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မှုများအတွင်း ဒီမော့ဆို PDF ဘက်က သေဆုံးသူနှင့် သေနတ်ထိမှန် ဒဏ်ရာရရှိထားသူများရှိပြီး အချို့သေဆုံးသူများ၏ အလောင်းများပင် ပြန်မရသေးဘူးဟု ပြောသည်။

သေနတ်ထိမှန် ဒဏ်ရာရရှိထားသူများအတွက်လည်း ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်ဟု ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူက ဆက်ပြောသည်။

“ကျနော်တို့ဘက်က ကျတဲ့လူလည်းရှိတယ်။ ဒဏ်ရာရတဲ့လူလည်းရှိတယ်။ ဒါပေမယ့် ရသလောက် အလောင်းဆယ်တယ်၊ ဆေးကုတယ်။ ဒါပေမယ့် တချို့က အလောင်းသွားမဆယ်နိုင်တာလည်း ရှိတယ်။ ဆေးဝါးတွေလည်း အခက်အခဲရှိနေတယ်။ ရတဲ့ဆေးနဲ့ ကုနေတာ။ အခက်အခဲက တော်တော်ရှိပါတယ်။ အခုလည်း ပြန်ပစ်နေတယ်။ ပစ်လိုက်နားလိုက်ပဲ။ ကျနော်တို့လည်း အရှေ့ကို လုံးဝမတက်ရဲဘူး။ အခုက ဟိုဘက် ဒီဘက်သွားဖို့ တောင်မရဘူး”

မေလ ၂၇ ရက်နေ့ (ယမန်နေ့) က စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် ဒီမော့ဆိုမြို့တွင် စစ်ဘေးရှောင်ပြည်သူများကို ကယ်ထုတ်ရန်သွားသည့် Free Burma Ranger (Karenni) အဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရပြီး ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်က ပြောသည်။

ထို့အပြင် ယမန်နေ့က ဒီးမော့ဆို မြို့နယ်စစ်ရှောင်ပြည်သူများအတွက် ရိက္ခာပြန်ယူသည့် ကရင်နီလူငယ်နှစ်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...