မူဆယ်တွင် အမှိုက်ထုပ်ပုံ ဗုံးပေါက်ကွဲ၊ တစ်ဦးသေ တစ်ဦးဒဏ်ရာရ

မူဆယ်တွင် အမှိုက်ထုပ်ပုံ ဗုံးပေါက်ကွဲ၊ တစ်ဦးသေ တစ်ဦးဒဏ်ရာရ

မြန်မာ-တရုတ် နယ်စပ်မြို့ဖြစ်သည် မူဆယ်မြို့တွင် ယနေ့နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

မူဆယ်မြို့ အမှတ် (၃) အထက်တန်းကျောင်းအနီး မေလ ၂၈ ရက်နေ့ (ယနေ့) နံနက် ၈ နာရီကျော်အချိန်ခန့်က ဗုံးပေါက်ကွဲခဲ့ရာ စည်ပင်ဝန်ထမ်းအမျိုးသားတစ်ဦး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု မူဆယ်ဒေသခံတစ်ဦးက ပြောသည်။

“ဒီမနက် ၈ နာရီ ကျော်ကျော် ၈ နာရီ ၂၀ ဝန်းကျင်လောက်က မူဆယ် ပြည်ထောင်စုလမ်းမပေါ်က အ.ထ.က (၃) ကျောင်းနားမှာပါ။ လမ်းလယ်ဓါတ်တိုင်နားမှာ အမှိုက်ထုပ်လိုပုံစံမျိုးရှိနေတာပေါ့နော်။ အဲ့အချိန်မှာ ကျနော်တို့ စည်ပင်ဝန်ထမ်းက အမှိုက်လိုက်သိမ်းနေတဲ့အချိန်၊ အဲ့အထုပ်ကို ကောက်လိုက်တဲ့အချိန်မှာ ကွဲသွားတာဗျ။ စည်ပင်ဝန်ထမ်း အဲ့ဒီနေရာမှာပဲ သေသွားတယ်။ အဲ့ချိန် လမ်းပေါ်မှာဖြတ်သွားတဲ့ ဆိုင်ကယ်တစ်စီးလည်းထိတယ်။ ဆိုင်ကယ်လည်း မီးလောင်သွားတယ်။ ဆိုင်ကယ်ပေါ်ကလူလည်း ခြေထောက်တစ်ဖက်ပြတ်သွားတယ်။ နောက်ပြီးတော့ အဲ့နားက ဆေးဆိုင်တွေမှာရှိတဲ့ ဝန်ထမ်းတွေဆီကိုလည်း ဗုံးစတွေစင်တယ်။ သူတို့ကတော့ ထိခိုက်ဒဏ်နည်းနည်းစီရသွားတယ်” ဟု ဗုံးပေါက်ကွဲမှု ဖြစ်စဉ်အနီးက စျေးဆိုင်တစ်ဆိုင်က မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် စည်ပင်ဝန်ထမ်းတစ်ဦး ပွဲချင်းပြီးသေဆုံးခံရသည့်အပြင် ဆိုင်ကယ်ဖြင့်လာသည့် ပြည်သူတစ်ဦးမှာ ခြေထောက်တစ်ဖက်ပြတ်သွားပြီး ၎င်း၏ဆိုင်ကယ်လည်း နေရာတွင်ပင် မီးလောင်သွားခဲ့သည်။

ခြေထောက်ပြတ်သွားသူအား ယခုခါ မူဆယ်ဆေးရုံကြီးသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူနေသည်ဟု ဒေသခံများကပြောသည်။

ထို့အပြင် အနီးအနားစျေးဆိုင်များက ဝန်ထမ်း ၄ ဦးလည်း ဒဏ်အသီးသီးရရှိခဲ့သည်။

မူဆယ်မြို့ရှိ အမှတ် ၃ အထက်တန်းကျောင်းအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အမှတ် ၂ အထက်တန်းကျောင်းတွင်လည်း လုံခြုံရေးတင်းကြပ်ထားသည်ဟု မူဆယ်ဒေသခံများက ပြောသည်။

ထို့အပြင် မူဆယ်မြို့၏ နေရာအတော်များများတွင် လမ်းသွားလမ်းလာများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်နေသည်ဟု မူဆယ်မြို့က Gen Z လူငယ်တစ်ဦးက ပြောသည်။

“ကျောင်းမှာတော့ ဘယ်သူမှမရှိနေဘူး။ လမ်းသွားလမ်းလာတွေတော့ရှိနေတယ်။ အ.ထ.က ၃ နဲ့ မျက်စောင်းထိုးလေးမှာဖြစ်တာဗျ။ အခုက အဲ့ကျောင်းနားမှာလည်း စစ်နေတယ်။ အ.ထ.က ၂ ကျောင်းနားမှာလည်း စစ်သားတွေအများကြီးစောင့်နေတယ်၊ လက်တွေလည်းကိုင်ထားတယ်။ လုံခြုံရေးက အပြည့်ပဲဗျ။ လမ်းသွားလမ်းလာတွေကိုတော့ အခု နေရာတော်တော်များများမှာစစ်နေတယ်။ ကျနော်တို့ မူဆယ်နာရီစင်နားတွေ၊ Golf ကွင်းနားတွေ၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွေ အဲ့မှာတွေ အကုန်စစ်နေတယ်။ ကားတွေကိုရော၊ ဆိုင်ကယ်တွေရော စစ်နေတယ်ဗျ”

ယနေ့ မူဆယ်မြို့တွင် ဗုံးပေါက်ကွဲသည့်နေရာသည် မူဆယ် ပြည်သူ့ဆေးရုံကြီးနှင့်အနီး၊ အမှတ် (၃) အ.ထ.က - မူဆယ် မျက်စောင်းထိုး၊ မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မေလ ၂၆ ရက်နေ့ကလည်း တစ်ရက်တည်းတွင် မူဆယ်မြို့က ဆေးရုံရှေ့၊ ပညာရေးမှူးရုံးနှင့် စရဖရုံးရှေ့တို့တွင် ဗုံးပေါက်ကွဲမှု နေရာသုံးနေရာတွင် ဖြစ်ပွားခဲ့သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...