ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် မေလ ၂၆ ရက်နေ့တွင် တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် မူဆယ် - မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မူဆယ်မှ ကွတ်ခိုင်အဝင်လမ်းပိုင်းကို ရပ်ထားရသည်ဟု ဒေသခံများက ပြောသည်။
ကွတ်ခိုင်မြို့က ဒေသခံတစ်ဦးက “အခုက ရှုခင်းသာမှာဖြစ်တာ။ မြို့ကနေတော့ ဒီမနက် ၁၀ နာရီ ၁၁ နာရီလောက်မှ လက်နက်ကြီးတွေနဲ့ ပစ်တာ သုံးလုံးလောက်ရှိတယ်။ ၁၁ နာရီဝန်းကျင်လောက်မှာ ငြိမ်နေတယ်။ အခု ပြန်မေးကြည့်တော့ မူဆယ်ကနေ ကွတ်ခိုင်ဝင်မယ့် ကားတွေ အကုန်လုံး ရပ်ထားရတယ်။ အဲ့လိုအခြေအနေရှိတယ်။ ဘယ်သူနဲ့ ဘယ်သူဖြစ်တယ်ဆိုတာတော့ မသိသေးဘူး။ မြို့ထဲကနေတော့ လက်နက်ကြီးနဲ့ ၃ လုံးလောက် ပစ်ကူတာရှိတယ်” ဟု ပြောသည်။
ကွတ်ခိုင်မြို့နယ်အတွင်း ယနေ့ဖြစ်ပွားနေသည့်တိုက်ပွဲသည် မည့်သည့်လက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားနေသည်ကို အတိအကျမသိရသေးသော်လည်း ကွတ်ခိုင်မြို့ရှိ အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူများဖြင့် ပြန်လည်ပစ်ခတ်နေသည်ဟု ကွတ်ခိုင်ဒေသခံများက ပြောသည်။
နမ္မတူမြို့နယ်အတွင်းတွင်မူ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းအကြား တိုက်ပွဲဖြစ်ပွားနေသည်ဟု နမ္မတူဒေသခံများက ပြောသည်။
“ဟုတ်တယ်။ ဒီမနက် ပြန်ဖြစ်တယ်။ ဒီမနက်က ၆ နာရီလောက်စဖြစ်မယ်၊ ၆ နာရီလောက်မှာ ပန်လုံဘက် အထက်ဘက်၊ နမ့်ဆန်သွားတဲ့လမ်း ပန်ကိုင်ရွာမှာဖြစ်တာ။ နမ္မတူမြို့နယ်ထဲမှာပဲ။ သူက နမ့်ဆန်တက်တဲ့ လမ်းဘက်မှာ။ အရင်ရက်ပိုင်းတွေဖြစ်တဲ့နေရာပါပဲ အစ်မ။ ဘာဖြစ်လို့လဲဆို ပန်ကိုင်က ရေအိုးနဲ့ ပန်လုံကြားမှာ။ ခါတိုင်းက ပန်လုံမှာလည်းဖြစ်တယ်။ ရေအိုးမှာလည်းဖြစ်တယ်။ အခုက အဲ့ဒီရွာနှစ်ရွာရဲ့ကြားမှာ ပြန်ထပ် ဖြစ်တာ။ ရွာသားတွေက အစောင့်ပုံစံလိုမျိုး ၁၀ ယောက်လောက်ပဲကျန်တာ။ ကျနော်တို့ ကြားတာကတော့ ခါတိုင်း ၃ ဖွဲ့ပဲ။ TNLA ရယ် SSPP ရယ်၊ RCSS ရယ် သူတို့ဖြစ်တာလို့ကြားတယ်” နမ္မတူမြို့က ဒေသခံတစ်ဦးက ပြောသည်။
နမ္မတူမြို့နယ်ထဲတွင် ယနေ့ နံနက်ပိုင်း ၆ နာရီအချိန်ကစတင်ပြီး တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပူးပေါင်းတပ်များနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု နမ္မတူဒေသခံများက ပြောသည်။
အဆိုပါနေရာအနီးတဝိုက်တွင် တိုက်ပွဲများ ရပ်တန့်နေသည်မှာ ၂ ပတ်နီးပါးရှိလာနေသည့်အတွက် ကျေးရွာသားအချို့ နေရပ်သို့ပြန်ချိန် သေနတ်များ၊ လက်နက်ကြီး၊ လက်နက်ငယ်များ ပြန်လည်ပစ်ခတ်လာသည့်အတွက် ယနေ့နံနက်တွင်ပင် သီပေါနှင့် နမ္မတူမြို့ပေါ်ရှိ ၎င်းတို့ စစ်ရှောင်လာသည့် နေရာများသို့ ပြန်လာကြရသည်ဟု ဆက်ပြောသည်။
“ရွာသားတွေက သိတဲ့အတိုင်းပဲ ဒီအချိန်က ပြောင်းဖူးစိုက်ရတော့မယ်ဆိုတော့ မိုးရွာရင် ရွာသားတွေက ဒီအချိန်မှာ မနေတတ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခြံဝင်တဲ့အချိန်ဆိုတော့လေ။ အခုက ဒီကြားထဲမှာက တိုက်ပွဲမဖြစ်တာက တပတ်ကျော် နှစ်ပတ်လောက်ဖြစ်ပြီဆိုတော့ ခနပြန်နေမယ်ပေါ့ အလုပ်လုပ်နိုင်တဲ့လူတွေ ခနပြန်နေမယ်လုပ်တော့ တိုက်ပွဲ အဲ့လိုမျိုး သေနတ်သံပြန်ကြားတော့ သူတို့က ခါတိုင်း ထွက်ပြေးတိမ်းရှောင်တဲ့နေရာကိုပဲ ပြန်လှည့်ပြန်သွားလိုက်တာ”
ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်များထဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်သာမက တိုင်းရင်းသားလက်နက်ကိုင်များ အချင်းချင်းကြားတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် အနည်းဆုံး မြို့နယ် ၄ မြို့နယ်ထဲက ပြည်သူ ၆ ထောင်ကျော်က စစ်ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
တိုက်ပွဲများ မကြာခနဖြစ်ပွားနေသည့် ရှမ်းမြောက်ဒေသအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ငြိမ်းချမ်းရေး၊ အပစ်ခတ်ရပ်စဲရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်ရန် စစ်ကောင်စီဘက်က မေလ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ထားသော်လည်း ရှမ်း၊ ကချင်၊ ကရင်ပြည်နယ်များရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသကဲ့သို့ ချင်း၊ ကယားနှင့် စစ်ကိုင်းတိုင်းဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိသည်။







