မြန်မာနိုင်ငံမှထွက်ပြေးလာသော မွတ်ဆလင်ဒုက္ခသည်များကို လက်ခံထားသည့်စခန်း ငါးခုကို တင်းကြပ်သော လော့ဒေါင်းစည်းကမ်းများ ချမှတ်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိများက သောကြာနေ့တွင် ပြောကြားလိုက်သည်။
ခိုလှုံနေသူ စုစုပေါင်း ၁ သိန်းနီးပါးရှိနေသည့် အဆိုပါစခန်းငါးခုတွင် ကိုဗစ်ကူးစက်မှု အများအပြား ရုတ်တရက်တွေ့ရှိရပြီးနောက် ယခုကဲ့သို့ စည်းကမ်းတင်းကြပ်လိုက်ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းတွင် ဒုက္ခသည်စခန်းပေါင်း ၃၄ ခုဖွင့်လှစ်ထားပြီး ထိုစခန်းများတွင် မြန်မာနိုင်ငံမှထွက်ပြေးလာသည့် မွတ်ဆလင်ဒုက္ခသည်စုစုပေါင်း တစ်သန်းနီးပါး နေထိုင်လျက်ရှိသည်။
ကိုဗစ်ကပ်ဘေးစတင်ချိန်တည်းက စခန်းများတွင် ကူးစက်မှုများ တွေ့ခဲ့ရသော်လည်း မဖြစ်စလောက် ပမာဏသာရှိသည်။
မေလ ၁၉ ရက်နှင့် ၂၀ ရက်နေ့ စစ်ဆေးမှုများ၌မူ ကူးစက်မှုများ မြင့်တက်လာသည်ကိုတွေ့ရကြောင်း အစိုးရအရာရှိ ရှမ်ဆက်ဒူဇာက ပြောကြားသည်။
ကြာသပတေးနေ့တွင် ၂၄၇ ဦးကို စစ်ဆေးရာ ၄၅ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေသည်ကို တွေ့ခဲ့ရသည်။
ရုတ်တရက် ထိုးတက်လာသော ကူးစက်မှုများကို ကာကွယ်ရန်အတွက် လော့ဒေါင်းစည်းကမ်းများ ချမှတ်လိုက်ရခြင်းဖြစ်ကြောင်း ဒူဇာက ပြောကြားသည်။
ဒူဇာသည် အစိုးရဒုက္ခသည် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မရှင်ဝန်ထမ်းဖြစ်သည်။
ကြာသပတေးနေ့တွင် စတင်အသက်ဝင်ခဲ့သည့် လော့ဒေါင်းစည်းကမ်းအရ စခန်းတွင်းနေထိုင်သူများသည် မဖြစ်မနေ လိုအပ်ချက်များမှလွဲ၍ စခန်းအချင်းချင်း ကူးလူးသွားလာခွင့်မရှိပေ။
“လော့ဒေါင်းစည်းကမ်းကို ဘယ်အချိန်ပြန်ရုတ်သိမ်းမလဲ မဆုံးဖြတ်ရသေးဘူး” ဟု ဒူဇာက ဖြည့်စွက်ပြောကြားသည်။
လတ်တလောတွင် ဒုက္ခသည်စခန်းများအတွင်း ကိုဗစ်စစ်ဆေးမှု ၄၁၅၀၀ ပြုလုပ်ခဲ့ပြီး ကူးစက်မှု ၈၆၄ ဦးရှိကြောင်း အတည်ပြုထားသည်။ သေဆုံးသူစုစုပေါင်း ၁၃ ဦးရှိသည်။
ဘင်္ဂလားဒေ့ရှ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံရာ၌ မွတ်ဆလင်ဒုက္ခသည်များကိုပါ ထည့်သွင်းထိုးနှံပေးမည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောကြားထားသည်။
ဘင်္ဂလားဒေ့ရှ်တွင် လူဦးရေ သန်း ၁၇၀ ရှိသည်။ အစိုးရသည် အိန္ဒိယထံမှ အက်စထရာဇီနီကာ ကိုဗစ်ဆေး သန်း ၃၀ ကို ယခုနှစ်အတွင်း ဝယ်ယူရန်စီစဉ်ထားသည်။
လက်ရှိအချိန်အထိ ၇ သန်း လက်ခံရရှိပြီးဖြစ်ကာ လူဦးရေ ၂ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်သည်။







