ယုဇနကုမ္ပဏီကို အေအိုင်အေမှ ဒုတိယအကြိမ် ဝင်ရောက်ဖျက်ဆီး

ယုဇနကုမ္ပဏီကို အေအိုင်အေမှ ဒုတိယအကြိမ် ဝင်ရောက်ဖျက်ဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တနိုင်းသွားလမ်းပေါ်ရှိ ဘန်ကောက်ကျေးရွာအနီးရှိ ယုဇနကုမ္ပဏီပိုင် အဆောက်အဦးများကို ကချင်လွတ်လပ်ရေးတပ်မတော်က ဒုတိယအကြိမ် ဝင်ရောက်ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီစစ်တပ်မှ စစ်သားများ လာရောက်ခိုအောင်းလေ့ရှိခြင်းကြောင့် ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ လီဒိုလမ်းမကြီးပေါ်ရှိ ယုဇနကုမ္ပဏီပိုင် အဆောက်အဦးများကို ဖျက်ဆီးခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။

ရှဒူးဇွပ်ကျေးရွာက ဒေသခံတစ်ဦးက “မနေ့ညက ကိုးနာရီလောက်ကနေစပြီးတော့မှ ဘတ်ဖိုး ၂ စီးနဲ့ ဟိုတစ်လောက တစ်ခေါက်နော ပစ်ပြီးမှ မီးရှို့ ထားတယ်။ ဒီတစ်ခေါက်နဲ့ဆို နှစ်ကြိမ်ပေါ့။ ဘတ်ဖိုးတွေနဲ့ ကျန်တဲ့ အဆောက်အအုံတွေဘာတွေ အုတ်နံရံတွေကို ထိုးကလော်ပြီးမှ အကုန် ဖြိုပစ်လိုက်တာ ဒါကတော့ ဘာကြောင့်ဖြိုသလဲဆိုလို့ရှိရင်တော့ ယုဇနကုမ္ပဏီ စက်ရုံနဲ့ ယုဇနဝန်ထမ်းတွေ အဆောက်အအုံထဲမှာ လုံးဝမနေခိုင်းဘူးလေ KIA အစိုးရက အဲဒါ သူတို့က တစ်ချို့တွေက ပြန်သွားကြတာများတယ်။ အများပိုင်းတော့ တစ်ချို့ ကိုယ်စားလှယ်တွေက ပြန်လာနေတယ်။ ယုဇနကုမ္ပဏီကိုယ်စားလှယ်တွေက ပြန်လာနေတယ်ဆိုတော့ အဲဒီအခု စစ်ကောင်စီဖက်ကလည်း အဲမှာ ခိုးခိုးပြီးမှ ဝင်လာနေတယ် အဲဒါကြောင့် ရှင်းလိုက်တဲ့သဘောဖြစ်နိုင်တယ်” ဟု ပြောသည်။

မေလ ၁၉ ရက်နေ့ (ယမန်နေ့) ညပိုင်းက KIA ဝင်ရောက်ဖျက်ဆီးပြီးနောက် ယနေ့နံနက်ပိုင်းအထိ စစ်ကောင်စီတပ်ဘက်က အဆိုပါနေရာထဲသို့ လက်နက်ကြီးများဖြင့် ဆက်တိုက် ပြန်လည်ပစ်ခတ်နေသည်ဟု ဘန်ကောက်ကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

“KIA ဖက်ကတော့ အဲဒီ ဘတ်ဖိုးနဲ့ ကုမ္ပဏီစက်ရုံကို ထိုးရှင်းတဲ့အချိန်မှာ ရှဒူးဇွပ်အခြေစိုက် ခလရ ၂၉၇ တပ် ရင်းကနေပေါ့နော်။ လက်နက်ကြီးနဲ့ပစ်တာ မနက်ပိုင်း တစ်နာရီခွဲလောက်ကနေပစ်တာ မနက်လေးနာရီခွဲ အထိပစ်တယ်။ အဲဒါကျတော့ KIA ဖက်ကတော့ ပြန်ပစ်တာတော့မရှိဘူး။ တပ်မတော်ဖက် ပစ်တာပဲရှိတယ်။ လက်နက်ကြီးနဲ့ လှမ်းထုတာပေါ့။ အထိအခိုက်တော့ မရှိပါဘူး” ဟု ပြောသည်။

ထို့ကြောင့် ဒေသခံများက တိုက်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်သည်ဟု ဆက်ပြောသည်။

“တကယ်လို့ စစ်တပ်ဖက်ကနေ လာပစ်ရင်တော့ တိုက်ပွဲကတော့ ဖြစ်မှာပဲလေ။ သူတို့လည်း အသင့်စောင့်နေပြီးတော့ လုပ်ကိုင်နေတယ်။ အဲဆိုတော့ စစ်တပ်ဖက်ကနေ မလာဘူးဆိုလို့ရှိရင်တော့ တိုက်ပွဲတော့ မဖြစ်တော့ဘူး။ ဖြစ်ရင်တော့ စိုးရိမ်တာပေါ့။ ရွာနားမှာကြီးကို ဘန်ကောက်ရွာနားမှာကြီးကို စက်ရုံက လမ်းပဲခြားတယ်” ဟု အဆိုပါ ဘန်ကောက်ကျေးရွာက ဒေသခံက ဆက်ပြောသည်။

ယမန်နေ့ညက KIA က သွားရောက်ဖျက်ဆီးမှုကြောင့် ယုဇနကုမ္ပဏီပိုင် အဆောက်အဦးအများစု ပျက်စီးသွားပြီဖြစ်ပြီး ပထမအကြိမ် ဧပြီလ ၁ ရက်နေ့ မီးရှို့ဖျက်ဆီးမှုတွင်လည်း ကုမ္ပဏီ၏ ဂိုဒေါင်များ၊ ကုမ္ပဏီပိုင်ကားနှင့် စက်ယန္တရား အစီး ၂၀ ကျော် ဖျက်ဆီးခံခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“မနေ့ည ကိုးနာရီကနေဖျက်တာ ဒီနေ့ကျတော့ အကုန်ဖျက်လိုက်ပြီ ဒီမနက်သွားကြည့်တာ ဖျက်ထားလိုက်ပြီ နည်းနည်းတော့ ကျန်သေးတာပေါ့ အဆောက်အအုံ နည်းနည်းပါးပါးတော့ ကျန်သေးတာပေါ့။ နံပါတ်တစ်တုန်းက အဲဒီအချိန်မှာက ကလောပီနံစက်ရုံကို အဓိကထားပြီးတော့ သူတို့ ဖျက်ဆီးတာ ကားတွေ အဲဒီခါကျတော့ နှစ်ဆယ် သုံးဆယ်လောက်ပဲဖြစ်မှာ ဘိုဒိုဇာတို့ ဘတ်ဖိုးတို့ ကားတွေကတော့ အဲဒီ ပထမတုန်းကတော့ သိပ်မများလောက်ဘူး။ စက်ရုံကြီးကိုပဲ အဓိကထားပြီးတော့ သူတို့ဖျက်ဆီးတာ” ဟု ဖြစ်စဉ်ကို သွားရောက်မှတ်တမ်းယူခဲ့သည့် ရှဒူးဇွပ်ကျေးရွာက ဒေသခံက ပြောသည်။

လီဒိုလမ်းမကြီးပေါ်က ဟူးကောင်းချိုင့်ဝှမ်းဒေသအတွင်းရှိ ရှဒူးဇွပ်၊ နမ့်ဖြတ်၊ တိန်ကောက်၊ တနိုင်း၊ ဝါရာဇွပ်၊ နောင်းမီ၊ စံပြ၊ အောင်ရာနှင့် ကောင်းရာကျေးရွာများက ဘိုးဘွားပိုင် မြေဧက ၂ သိန်းကျော်ကို ယုဇနကုမ္ပဏီက ၂၀၀၆ ခုနှစ်ကတည်း သိမ်းယူခဲ့ခြင်းသည့်အတွက် မြေယာအငြင်းပွားမှုများ ယနေ့အချိန်ထိ ဖြစ်ပွားနေသည့်နေရာဖြစ်သည်။

၂၀၀၆ ခုနှစ်တွင် ယုဇနကုမ္ပဏီက မြေလွတ်မြေရိုင်းအဖြစ် စစ်အစိုးရထံတွင်လျှောက်ထားကာ သိမ်းဆည်းပြီးနောက် စီးပွားဖြစ် ပီလောပီနံများ စိုက်ပျိုးလျက်ရှိသည်။

၁၅ နှစ်ကျော်အကြာ ကုမ္ပဏီက သိမ်းယူခဲ့သည့် အဆိုပါနေရာအား KIA က ဝင်ရောက်ဖျက်ဆီးပေးသည့်အပေါ် ဒေသခံများက ကြိုဆိုထောက်ခံနေကြပြီး ဧပြီလ ၇ ရက်နေ့က ယုဇနကုမ္ပဏီအလိုမရှိကြောင်း၊ ၎င်းတို့၏မြေပေါ်မှာ အပြီးအပိုင်ထွက်သွားပေးရန်၊ တောင်သူလယ်သမား အခွင့်အရေးရရှိရေး၊ မိမိတို့ပိုင်မြေယာများကို ကိုယ်ပိုင်စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...