ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ဒီဇင်ဘာလတွင် အပြီးရေးဆွဲမည်ဟု ပြောသည်။
မေလ ၁၈ ရက်နေ့က ပြုလုပ်သည့် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ၆/၂၀၂၁ အစည်းအဝေးတွင် ထိုသို့ အတည်ပြု ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
“ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမမူကြမ်းကို ၂၀၂၁ ခုနှစ် မေလမှ အောက်တိုဘာလအတွင်း အပြီးရေးဆွဲကြမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ မူချောရေးဆွဲပြီးစီးနိုင်ရေး ဆောင်ရွက်ကြမှာဖြစ်တယ်လို့လည်း သိရပါတယ်” ဟု ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ရုပ်သံဌာန PVTV က သတင်းထုတ်ပြန်ခဲ့သည်။
ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းထဲတွင် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို ထည့်သွင်းရေးဆွဲသွားမည်ဟု NUG က ဆိုသည်။
PVTV သတင်းထုတ်ပြန်ချက်ထဲတွင် “ဒီလိုရေးဆွဲရာမှာ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ဒီမိုကရေစီအရေး အမျိုး သားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို အာမခံချက်ပေးရေးတွေ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ မူကြမ်းမှာ ထည့်သွင်းရေးဆွဲဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်” ဟု ပါရှိသည်။
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဖက်ဒရယ်ပြည်ထောင်စုဝန်ကြီးဌာနက တင်သွင်းခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ရေးဆွဲနိုင်ရန်နှင့် ရေးဆွဲရေးလုပ်ငန်းစဉ်ကိစ္စအ၀၀ကို ကြီးကြပ်ပေးမည့် ကော်မရှင်တစ်ရပ်ကိုလည်း ဖွဲ့စည်းထားသည်ဟု PVTV သတင်းဖော်ပြချက်အရ သိရသည်။
“အဆိုပါ ဖက်ဒရယ်ပြည်ထောင်စု အခြေခံဥပဒေမူကြမ်း ရေးဆွဲရေးလုပ်ငန်း ကြီးကြပ်မှုကော်မရှင်မှာ ဥက္ကဋ္ဌအဖြစ် ဒု-သမ္မတ ဒူဝါလရှီးလ၊ ဒု-ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အဖွဲ့ဝင်များကတော့ ပြည်ထောင်စုဝန်ကြီးများက ဆောင်ရွက်ကြမှာဖြစ်ပြီး အတွင်းရေးမှူးအဖြစ် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်၊ တွဲဖက်အတွင်းရေးမှူးများအဖြစ် ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာနမှ ဒု-ဝန်ကြီးများဖြစ်ကြတဲ့ ဦးချစ်ထွန်းနဲ့ မိုင်းဝင်းထူးတို့က တာဝန်ယူဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်”
စစ်အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲတွင် အများစုအနိုင်ရထားသည့် NLD ကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ဖွဲ့စည်းခဲ့သည်။
ထို့နောက် CRPH က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မည်ဆိုသည် ရည်ရွယ်ချက်ဖြင့် တပ်မတော်ကရေးဆွဲထားသည့် ၂၀၀ ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကြေစာတမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ ထုတ်ပြန်ကြေညာပြီးနောက် တိုင်းရင်းသားအများစုပါဝင်သည့် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဖွဲ့စည်းခဲ့သည်။
နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရန်နှင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များစွာ ပေးစွမ်းနိုင်သည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်နိုင်မှသာ ယခုဖြစ်ပေါ်နေသည့် ပဋိပက္ခများကို အဆုံးသတ်နိုင်မည်ဟု တိုင်းရင်းသားများနှင့် မြန်မာ့အရေး လေ့လာသုံးသပ်သူများက ပြောဆိုထားကြသည်။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေလိုအပ်နေပြီး ထိုလိုအပ်နေသည့် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို NUG က ရေးဆွဲရန် ပြင်ဆင်လာခြင်းဖြစ်သည်။







