ကချင်ပြည်နယ်ကို ရဟတ်ယာဉ်များဖြင့် စစ်သားများပို့

ကချင်ပြည်နယ်ကို ရဟတ်ယာဉ်များဖြင့် စစ်သားများပို့

တိုက်ပွဲများဖြစ်ပွားနေသည့် ကချင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က အင်အားများ ဆက်တိုက်ဖြည့်တင်းနေပြီး ယမန်နေ့က လေကြောင်းဖြင့်လည်း လူအင်အားများ ထပ်မံဖြည့်တင်းလျှက်ရှိသည်ဟု KIO/KIA က ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ မံစီမြို့နယ်များတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိရာ ကုန်းလမ်းဖြင့်သာမက ယခုခါ လေကြောင်းအကူအညီများဖြင့်ပါ အင်အားတိုးချဲ့ဖြည့်တင်းနေသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ဟုတ်တယ် အဲ့သတင်းလည်းမှန်ပါတယ်။ ကျနော်တို့ သတင်းရတာတော့ ဗန်းမော်၊ မိုးမောက်၊ မံစီဘက်တွေမှာပါ။ မနေ့ကလည်း ဟက်စကီး (ရဟတ်ယာဉ်) နဲ့ အင်အားလာပို့တယ်တဲ့ ဗန်းမော်မှာပေါ့။ နောက်ပြီး ရေလမ်းကနေလည်း တက်လာတာတွေရှိတယ်လို့ သတင်းရထားတယ်။ ဒါပေမယ့် လူအင်အားဘယ်လောက်၊ ရိက္ခာလား၊ လူလား ဘယ်လောက်ဆိုတဲ့ အတိအကျစာရင်းတော့ မရသေးဘူးနော်။ အင်အားဖြည့်နေတယ်ဆိုတာကတော့ သေချာတယ်” ဟု ပြောသည်။

ဗန်းမော်က ဒေသခံတစ်ဦးကလည်း “ဟုတ်တယ်ဗျ၊ မနေ့က ညနေလောက်ဖြစ်မယ်။ လေယာဉ်နှစ်စီးဆက်တိုက်ပေါ့ တစ်စီးပြီးတစ်စီး ဗန်းမော်လေယာဉ်ကွင်းကိုဆင်းတာ။ ကျနော်တို့သတင်းရတာတော့ စစ်သားတွေပါလာတယ် အဲ့လိုလောက်ပဲသိတယ်ဗျ” ဟု ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က မတ်လကတည်းက ပြန်လည်ဖြစ်ပွားနေသည့် ကချင်ပြည်နယ်အတွင်းက စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများကြောင့် အလော့ဒ်ဘွမ် (စခန်းကုန်း) အပါအဝင် ၎င်းတို့၏ စခန်းကုန်းငယ်အချို့ ဆုတ်ပေးလိုက်ရသည့်နောက် မိုးမောက်မြို့နယ်အတွင်း စစ်အင်အားများ ဖြည့်တင်းကာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိသည်။

“အစောပိုင်းကတော့ ဒီဘက် အလော့ဒ်ဘွမ် တိုက်ပြီးတော့ ကုန်းလောအနောက်ဘက် တာဝါတိုင်ကုန်းဘက်မှာ အထူးသဖြင့် အဲ့မှာပဲ ပြင်းထန်တိုက်ပွဲဖြစ်ပြီးတော့ အခုကျတော့ ပိုပြီးတော့ ကျယ်ပြန်လာတာပေါ့နော်။ မံစီဘက်တွေလည်း အပြင်းအထန်ဖြစ်လာတယ်။ တိုက်ပွဲတွေ ကျယ်ပြန့်လာရင်တော့ စစ်ရှောင်တွေက ထပ်တိုးလာဖို့ပဲရှိတယ်” ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD (မိုးမောက်) တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းတို့ ဆုတ်ပေးလိုက်ရသည့် စခန်းကုန်းများ ပြန်လည်ရရှိနိုင်ရေး ဝေဟင်ထိုးစစ်၊ မြေပြင်ထိုးစစ်များဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ ယခုခါ မိုးမောက်မြို့နယ်အတွင်းက ပြည်သူ ၆၀၀၀ ကျော်လည်း နေရပ်စွန့်ကာ စစ်ဘေးတိမ်းရှောင်နေကြရသည်။

မိုးမောက်မြို့နယ်အတွင်းက တိုက်ပွဲများသည် မေလ ၁၁ ရက်နေ့ကစတင်၍ မံစီမြို့နယ်ဘက်သို့ ရောက်ရှိလာခဲ့သည်။

စစ်ကောင်စီတပ်၏ စစ်အင်အားတိုးချဲ့ဖြည့်တင်းနေမှု၊ ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်စွာ ဖြစ်ပွားလာနိုင်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ပြောရမယ်ဆိုရင်တော့ သူတို့က စစ်အင်အားလည်း ထပ်တိုးဖြည့်နေတယ်၊ အခုလက်ရှိ ဆက်ဖြစ်နေတဲ့ အခြေအနေတွေကို ကြည့်ရင်တော့ တိုက်ပွဲက ပိုပြီးပြင်းထန်လာနိုင်တဲ့ အခြေအနေမှာရှိတယ်လို့ သုံးသပ်လို့ရနိုင်ပါတယ်။ ကျနော်တို့ကလည်း သူတို့ဘက်က ပစ်မယ်၊ တိုက်မယ်၊ တက်လာမယ်ဆိုရင် ပစ်ရမှာပဲလေနော်”

စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လကစတင်ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော် လမ်းမကြီးတစ်လျှောက်၊ မိုးညှင်း၊ ဖားကန့်၊ တနိုင်း-လီဒို လမ်းမတစ်လျှာက်၊ အင်ဂျန်းယန်၊ နမ္မတီး၊ ဆွမ်ပရာဘွမ်မြို့နယ်တဝိုက်နှင့် ဆဒုံးမြို့နယ်တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျှက်ရှိသည်။

သို့သော် အဆိုပါဒေသများအတွင်းက တိုက်ပွဲများ လက်ရှိတွင် ရပ်တန့်နေသော်လည်း ဗန်းမော်၊ မိုးမောက်နှင့် မံစီမြို့နယ်များအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေဆဲဖြစ်သည်ဟု ဒေသခံများနှင့် KIO က ပြောသည်။

တိုက်ပွဲများ၊ ပစ်ခတ်မှုများ ဖြစ်ပွားနေသည့်တစ်ဖက်တွင် စစ်ကောင်စီ၏တပ်ဖွဲ့များက ကချင်ပြည်နယ်၏ နေရာအနှံ့တွင် တပ်အင်အားများ ဖြည့်တင်းနေသည့်အတွက် နှစ်ဖက် စစ်ရေးတင်းမာမှုများရှိနေပြီး ကြီးမားပြင်းထန်သည့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်သည်ဟု KIO က ပြောသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...