မော်လမြိုင်တက္ကသိုလ် ကျောင်းသူ/ကျောင်းသား ၈ ဦး အဖမ်းခံရ

မော်လမြိုင်တက္ကသိုလ် ကျောင်းသူ/ကျောင်းသား ၈ ဦး အဖမ်းခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မေလ ၁၇ ရက်နေ့ညက တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။

မေလ ၁၇ ရက်နေ့ ည ၁၁ နာရီဝန်းကျင်အချိန်ခန့်က မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်တွင် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများ  စုပေါင်းနေထိုင်နေကြသည့် နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

“ကျောင်းသူကျောင်းသားတွေ စုပေါင်း ငှားနေနေတဲ့အိမ်မှာ အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်၊ လက်ရှိမှာတော့ ဘယ်မှာပို့ဆောင်ထားလဲဆိုတာ စုံစမ်းနေဆဲပါ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။

တက္ကသိုလ် ကျောင်းသူ/ကျောင်းသား ၈ ဦးအား ဖမ်းဆီးရသည့်အကြောင်းအရင်းနှင့် လက်ရှိတွင် မည်သည့်နေရာသို့ ပို့ဆောင်ထားသည်ကို မသိရှိရသေးကြောင်း မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ပြောသည်။

ဖမ်းဆီးခံရသည့် ကျောင်းသူ၊ ကျောင်းသား ၈ ဦးတွင် မော်လမြိုင်တက္ကသိုလ်မှ ၂ ဦး၊ အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်) မှ ၅ ဦးနှင့် မော်လမြိုင်တက္ကသိုလ် အဝေးသင်ကျောင်းသား ၁ ဦးတို့ဖြစ်သည်ဟု  မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

ထိုတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျောင်းသူ၊ ကျောင်းသားများ ပိုင်ဆိုင်သည့် ဖုန်း၊ ကွန်ပျူတာ၊ ဆိုင်ကယ်နှင့် အခြားအသုံးသော အဆောင်ပစ္စည်းများလည်း သိမ်းဆည်းသွားသည်ဟု မော်လမြိုင်တက္ကသိုလ် သတင်းဌာနမှ သိရသည်။

အခြားသော တိုင်းနှင့်ပြည်နယ်များနည်းတူ မွန်ပြည်နယ်အတွင်းတွင်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်နေကြသည့် ပြည်သူများအပြင် ကျောင်းသူ၊ ကျောင်းသားများကို  အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေက လိုက်လံဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လျှက်ရှိသည်။

ဖမ်းဆီးမှုများရှိသည့်အပြင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုများ မပြုလုပ်နိုင်အောင်လည်း စစ်တပ်နှင့် ရဲတပ်ဖွဲ့များက လုံခြုံရေးများတင်းကြပ်ထားပြီး အကြမ်းဖက်နှိမ်နှင်းလျှက်ရှိသည်။

ထိုသို့ လုပ်ဆောင်နေသော်လည်း စစ်အာဏာရှင်ကို အလိုမရှိသည့် ကျောင်းသူ၊ ကျောင်းသားများနှင့် ပြည်သူများက နည်းမျိုးစုံဖြင့် စစ်အာဏာရှင်ကို နေ့စဉ် ဆက်လက်ဆန့်ကျင်နေကြသည်။

စစ်အာဏာရှင်ကို ဆန့်ကျင်မှုကြောင့် မွန်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီတို့၏ ဖမ်းဆီးခြင်းခံထားရသူ အယောက် ၃၀၀ ကျော်ရှိသည်ဟု သိရသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...