နမ္မတူမြို့နယ်တွင်း အရပ်သားအိမ်ယာမီးရှို့မှုကို TPCC ရှုတ်ချ

နမ္မတူမြို့နယ်တွင်း အရပ်သားအိမ်ယာမီးရှို့မှုကို TPCC ရှုတ်ချ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တအာင်း (ပလောင်) ပြည်သူတွေရဲ့ နေအိမ် ၁၁၇ လုံး မီးရှို့ခံရမှု၊ ပြည်သူတွေ အကြောင်းမဲ့ဖမ်းဆီးခံနေရမှုတွေကို ကန့်ကွက်ရှုတ်ချတယ်လို့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC နဲ့ တအာင်းအရပ်ဘက်အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။

နမ္မတူမြို့နယ်အတွင်းက ကျေးရွာအချို့ကပြည်သူများ စစ်ဘေးတိမ်းရှောင်နေချိန် ၎င်းတို့၏နေအိမ်များကို RCSS က မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာသားအချို့ကိုလည်း ဖမ်းခေါ်ဆောင်သွားကြောင်း၊ အဆိုပါ ပြဿနာများကို အမြန်ဆုံးရန်တန့်ရန်နှင့် ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့လိုအပ်သည်ဟု တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

“၃ လပိုင်း ၂၈ ရက်နေ့ကနေပြီးတော့ ဒီလ ပထမအပတ်ထိဖြစ်ခဲ့တဲ့ အနေအထားကိုပဲ မီးမောင်းထိုးပြတာပေါ့၊ အဲ့ထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှု ဘာတွေရှိလဲဆိုရင် လူကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကိစ္စမျိုးတွေရှိမယ်။ နောက်တစ်ခါ ရွာတွေမှာ ဆတ်ကြေးကောက်တဲ့ကိစ္စတွေရှိမယ်။ နောက်တစ်ခါ နေအိမ်တွေကို မီးရှို့တဲ့ကိစ္စတွေရှိမယ်။ အဓိက အဲ့ဒါတွေကို မီးမောင်းထိုးပြချင်တာ။ သူတို့နဲ့လည်း ညှိနှိုင်းဖို့ဆိုလည်း အေးအတူပူအမျှနေဖို့အတွက်လည်း ကျနော်တို့မှာ ဆန္ဒရှိတယ်။ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ ပြဿနာတွေမဖြစ်အောင် ညှိနှိုင်းလို့ရမယ့်အဖွဲ့အစည်း၊ ဝင်ပြီးတော့ကူပေးမယ့် အဖွဲ့အစည်းနဲ့တွေ့ရင်တော့ ကျနော်တို့ ဘယ်အဖွဲ့အစည်းမဆို တွေ့ဖို့တော့ ကျနော်တို့ စဉ်းစားထားတာပေါ့နော်။ အဲ့ဒါက ပြဿနာမဖြစ်ဖို့ စဉ်းစားထားတာ၊ အခုက အရေးကြီးနေတာက ပြန်လည်ထူထောင်ရေးနဲ့ သူတို့ဒုက္ခရောက်နေတာကို ဘယ်လိုမျိုး အရင်ကူညီလဲဆိုတာက ကျနော်တို့ အခုလတ်တလော အရေးကြီးတဲ့ဟာမျိုးဖြစ်တယ်”

မတ်လကုန်နှင့် ဧပြီလဆန်းကတည်းက ဖြစ်ပွားခဲ့သည့် နမ္မတူမြို့နယ်အတွင်းက တအန်း (ပလောင်) PSLF/TNLA၊ ရှမ်းမြောက် SSPP/SSA ပူးပေါင်းတပ်များနှင့် ရှမ်းတောင် RCSS/SSA တို့အကြားက တိုက်ပွဲများနှင့် စစ်ရေးပဋိပက္ခများအကြား ဒေသခံရွာသားများ၏နေအိမ်များ မီးရှို့ခံနေရခြင်း၊ ရွာသား ၅ ဦး ဖမ်းဆီးခံထားရခြင်းနှင့် ရွာသား ၂၀၀၀ နီးပါးခန့် သီပေါမြို့နှင့် နမ္မတူမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်ကြရသည်။

တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့ TSYU က ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း “မီးရှို့ခံရတဲ့ ပြည်သူလူထုတွေကို သူတို့အတွက် ပြန်လည်ကုစားဖိုရယ်၊ ပြီးရင် ပြန်လည်ထူထောင်ဖို့ နောက်တစ်ခုက ဒီလုပ်သွားတဲ့အဖွဲ့ပေါ့၊ ကျမတို့က လုပ်ရပ်အပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ ထုတ်ပြန်တယ်။ ပြီးလို့ရှိရင် ဒီလိုမျိုး နိုင်ငံရေးအခြေအနေမှာ ရှုတ်ထွေးနေတဲ့ကာလမှာ တပ်မတော်တွေနဲ့ တိုင်းရင်းသားကြားမှာ ပဋိပက္ခဖြစ်တာမကပဲနဲ့ တိုင်းရင်းသားအချင်းချင်းမှာ မြေပြင်မှာ ဒါတွေဖြစ်တယ်၊ လူ့အခွင့်အရေးချိုးဖောက်မှု ရှိတယ်ဆိုတဲ့ဟာကို နိုင်ငံတကာသိအောင် အဲ့ထုတ်ပြန်ချက်ကို ထုတ်ရခြင်းဖြစ်တယ်ပေါ့” ဟု ပြောသည်။

နမ္မတူမြို့နယ်အတွင်းက စစ်ဘေးရှောင်နေကြသည့် တအာင်း (ပလောင်) ပြည်သူများ၏နေအိမ် အလုံး ၁၁၇ လုံး မီးရှို့ခံထားရသည်ဟု ဒေသခံများက ပြောသည်။

ကျေးရွာများအတွင်း ရွာစောင့်ကျန်ခဲ့သည့် ရွာသားများကို RCSS က မောင်းထုတ်ပြီးနောက် ယခုကဲ့သို့ မီးလောင်မှုများ ဆက်တိုက်ဖြစ်ပွားလာရခြင်းဖြစ်ပြီး နေအိမ်တစ်ရာကျော် မီးရှို့ဖျက်ဆီးခံရသည့်အခြေအနေနှင့် ရွာသားများကို ဖမ်းဆီးသွားသူများမှာလည်း RCSS တပ်ဖွဲ့ဝင်များဖြစ်သည်ဆိုသည့် သက်သေအထောက်အထား အချက်အလက်များကို ရရှိထားသည်ဟု နမ္မတူဒေသခံများက ပြောသည်။

နမ္မတူဒေသခံတစ်ဦးက “လောင်သွားတဲ့ဟာဆိုရင် တချို့က တိုက်အိမ်ရှိမယ်၊ ပျဉ်အိမ်ရှိမယ်။ တိုက်အိမ်တွေဆို တအားကြီးသိသာတယ်။ ပြီးနောက်တစ်ခုက လောင်စာဘယ်ဟာရှိနိုင်လဲဆို လှေကားထစ်တွေဟာမျိုးတွေရှိတယ်။ လှေကားထစ်တွေ သွားပြီးမှ ရှို့တဲ့ဟာမျိုးတွေရှိတယ်။ ရွာအစောင့်တွေကို မောင်းထုတ်ပြီး တိုက်ပွဲဖြစ်တဲ့ပုံစံလုပ်တယ်၊ တကယ်တော့ တိုက်ပွဲက မဖြစ်ဘူးလေနော်။ အဲ့ဒါပြီးတာနဲ့ အိမ်တွေမီးလောင်တာမျိုး ဖြစ်လာတယ်။ ရွာပေါင်းက မန်လီရှိမယ်။ မန်ဆာရှိမယ်။ မန်ဂျက်ရှိမယ်၊ ရေအိုးရှိမယ်။ လေးရွာပေါ့” ဟု ပြောသည်။

နမ္မတူမြို့နယ်၊ မန်ဆာကျေးရွာမှ ရွာသားနှစ်ဦးကို မတ်လ ၂၈ ရက်နေ့က ဖမ်းဆီးသွားပြီးနောက်၊ ရေအိုးကျေးရွာက ရွာသား သားအဖသုံးယောက်လည်း ဧပြီလ ၆ ရက်နေ့က ဖမ်းဆီးခံထားရခြင်းဖြစ်သည်ဟု အဆိုပါ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ လိုက်ပါဆောင်ရွက်ပေးနေသည့် တအာင်းလူငယ်တစ်ဦးက ပြောသည်။

“ပြီး နောက်တစ်ခုက တိုက်ပွဲအတွင်းထဲမှာ တစ်လအတွင်းထဲမှာ ဖမ်းဆီးထားတဲ့ တအာင်းရွာသား ၅ ဦးကိုလည်း ဘာကြောင့်ဖမ်းဆီးထားလဲ၊ ဘယ်မှာဖမ်းဆီးထားလဲ၊ အခုချိန်ထိရော အသက်ရှင်တုန်းရှိသေးလား ဆိုတဲ့ဟာကို အခုချိန်ထိ ပြန်မလာသေးဘူး။ RCSS ဘက်ကို သွားပြီးတော့ သတင်းပေးတယ်။ မေးကြည့်လည်း သူတို့က မဖမ်းထားဘူးလို့ပြောတယ်။ ဒါပေမယ့် တကယ်လာဖမ်းတဲ့အချိန်ကျတော့ သူတို့ဝတ်စုံနဲ့ သူတို့ရဲ့ ယူနီဖောင်းနဲ့ ဖမ်းတယ်။ ပြီးရင် သူတို့ရဲ့ ရှမ်းဘာသာစကားနဲ့ လာဖမ်းတဲ့အချိန်ကျတော့ အဲ့လိုမျိုးတွေကြားနေရတော့ အခု သူတို့နဲ့ ပြန်သွားမေးကြည့်တဲ့အခါကြတော့ သူတို့မှာက ဒီ တာဝန်ယူမှု တာဝန်ခံမှုမရှိဘူးလို့ မြင်တယ်”

နမ္မတူမြို့နယ်အတွင်းက မီးလောင်သွားတဲ့ အိမ်တွေနဲ့ ရွာသားတွေ ဖမ်းဆီးခံရမှုမှာ RCSS ၏ လက်ချက်ဖြစ်သည်ဟု ဒေသခံများနှင့် တအာင်းအရပ်ဖက်အဖွဲ့များက ပြောဆိုထားသော်လည်း RCSS ကတော့ ၎င်းတို့မဟုတ်ကြောင်း RCSS/SSA ပိုင် Tai Freedom ဝက်ဆိုက်နှင့် လူမှုယွန်ရက်စာမျက်နှာများတွင် ထုတ်ပြန်ငြင်းဆိုထားသည်။

ရည်ရွယ်ချက်ရှိရှိနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် လုပ်ရပ်များကို RCSS/SSA အနေဖြင့် ချက်ချင်းရပ်တန့်ရန်၊ မီးရှို့သည့် တပ်ရင်းတပ်ဖွဲ့များကို အမြန်ဆုံးဖော်ထုတ်ပြီး အပြစ်ပေးအရေးယူရန်၊ ဖမ်းဆီးခံထားရသည့် ရွာသား ၅ ဦးကို ချက်ချင်းလွတ်ပေးရန်နှင့် အမှန်တရားနှင့် တရားမျှတမှုအတွက် တိုက်ပွဲဝင်နေကြသည့် ရှမ်းတိုင်းရင်းသားလူထုအခြေပြုအဖွဲ့များ၊ နိုင်ငံရေးပါတီများကလည်း ဝိုင်းဝန်းကူညီဖြေရှင်းပေးရန် တအာင်းအရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...