ဖမ်းဆီးခံ နမ္မတူမြို့နယ်မှ ရွာသားငါးဦး ဘယ်ရောက်နေမသိရ

ဖမ်းဆီးခံ နမ္မတူမြို့နယ်မှ ရွာသားငါးဦး ဘယ်ရောက်နေမသိရ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းက ရွာသား ၅ ဦးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားသည်မှာ တစ်လကျော်လာပြီဖြစ်သော်လည်း ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးသည့်အတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်ဟု ပြောသည်။

နမ္မတူမြို့နယ်အတွင်းရှိ မန်ဆာကျေးရွာနှင့် ရေအိုးကျေးရွာမှ ရွာသား ၅ ဦးကို RCSS/SSA တပ်ဖွဲ့က ဖမ်းဆီးသွားပြီးနောက် ယနေ့အချိန်ထိ အဆက်အသွယ်မရသေးသည့်အတွက် စိုးရိမ်စိတ်ပူနေကြရသည်ဟု မိသားစုဝင်များက ပြောသည်။

မိသားစုဝင်တစ်ဦးက “ကျနော်တို့ ရွာသား ၅ ဦးကို ဘာကြောင့်ဖမ်းဆီးထားတာလဲ၊ ဘယ်မှာထိန်းသိမ်းထားတာလဲ။ သေလားရှင်လားဆိုတာလည်း အကြောင်းပြန်တာမရှိဘူး။ သူတို့နဲ့သွားတွေ့တယ် ဖမ်းထားလားဆိုလည်း မဖမ်းထားဘူး ဟိုအဖွဲ့လိုလို ဒီအဖွဲ့လိုလို လွှဲချတဲ့ဟာမျိုးတွေရှိတယ်။ ဒါပေမယ့် တကယ်လာဖမ်းတဲ့အချိန်မှာက RCSS ရဲ့ဝတ်စုံနဲ့ ရှမ်းဘာသာစကားနဲ့ပြောပြီး လာဖမ်းသွားတဲ့ဟာမျိုးတွေရှိခဲ့တယ်။ အခုက သေလား ရှင်လားမသိသေးဘူး။ စိုးရိမ်နေရတယ်။ ရွာလည်းပြန်လို့မရသေးဘူး။ ကျနော်တို့လည်း စစ်ရှောင်နေရတုန်းပဲလေနော်” ဟု ပြောသည်။

နမ္မတူမြို့နယ်၊ မန်ဆာကျေးရွာမှ ရွာသားနှစ်ဦးကို မတ်လ ၂၈ ရက်နေ့က ဖမ်းဆီးသွားပြီးနောက်၊ ရေအိုးကျေးရွာက ရွာသား သားအဖသုံးယောက်ကိုလည်း ဧပြီလ ၆ ရက်နေ့က RCSS/SSA ဝတ်စုံများဝတ်ထားသည့် ရှမ်းဘာသာစကားပြော လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု အဆိုပါဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ လိုက်ပါဆောင်ရွက်ပေးနေသည့် တအာင်းလူငယ်တစ်ဦးက ပြောသည်။

“ပထမဖမ်းတဲ့နေ့အရဆိုရင် ၂၈ ရက် ၃ လ ၂၀၂၁ ပေါ့၊ အဲ့ဒါက မန်ဆာရွာသားနှစ်ယောက်ပေါ့၊ အဲ့ဒါ စပြီးဖမ်းသွားတယ်။ နောက်တစ်သုတ်က သုံးယောက်ပေါ့၊ သားအဖသုံးယောက်ပေါ့၊ ရေအိုးကျေးရွာက ၆ ရက်၊ ၄ လ၊ ၂၀၂၁ မှာ ဖမ်းသွားတယ်။ အခုချိန်ထိ ပြန်မလာသေးဘူး။ RCSS ဘက်ကိုသွားပြီးမှ သတင်းပေးတယ် သွားပြီးတော့မေးကြည့်လည်း သူတို့က မဖမ်းထားဘူးလို့ပြောတယ်။ ဒါပေမယ့် တကယ်လာဖမ်းတဲ့အချိန်မှာ သူတို့ဝတ်စုံနဲ့ သူတို့ယူနီဖောင်းနဲ့ လာဖမ်းတယ်။ သူတို့ရဲ့ ရှမ်းဘာသာစကားနဲ့ လာဖမ်းတယ် ကျနော်တို့လည်း အဲ့လိုမျိုးတွေ ကြားနေရတဲ့အချိန်ကျတော့ သူတို့မှာက တာဝန်ယူမှု/တာဝန်ခံမှု မရှိဘူးလို့ မြင်တယ်။”

အသက် ၃၀ အရွယ် ဦးချစ်မောင်လေးနှင့် အသက် ၅၀ အရွယ် ဦးအိုက်ညွှန့် မန်ဆာရွာသားနှစ်ဦးတို့မှာ မတ်လ ၂၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အသက် ၅၀ အရွယ် ဦးကြာယုံနှင့် ၎င်း၏သားများဖြစ်ကြသည့် အသက် ၁၉ နှစ်အရွယ် မိုင်းနေဦး၊ အသက် ၁၇ နှစ်အရွယ် မိုင်းနေစွာတို့မှာ ဧပြီလ ၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

RCSS/SSA က ဖမ်းဆီးသွားခဲ့သည်မှာ တစ်လကျော်လာပြီဖြစ်သော်လည်း ယနေ့အချိန်ထိ မိသားစုဝင်များနှင့် လုံးဝ အဆက်အသွယ်မရသေးဘူးဟု မိသားစုဝင်များက ပြောသည်။

 

နမ္မတူမြို့နယ်ထဲက မန်ဆာနှင့် ရေအိုးကျေးရွာများအပါအဝင် ပန်လုံ၊ မန်ကျန်းနှင့် အနီးနားကျေးရွာများက ဒေသခံနှစ်ထောင်ကျော်သည့် ၎င်းတို့ဒေသအတွင်း ဖြစ်ပွားနေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် တအန်း TNLA၊ ရှမ်း SSPP ပူးပေါင်းတပ်တို့အကြားက တိုက်ပွဲများနှင့် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာပြီး စစ်ဘေးလွှတ်ရာ သီပေါမြို့နှင့် နမ္မတူမြို့များသို့ စစ်ဘေးရှောင်နေကြရသည်မှာ တစ်လကျော်ရှိသွားပြီ ဖြစ်သည်။

အဆိုပါ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် မန်ဆာ၊ ရေအိုး၊ မန်ကျန်း၊ ပန်လုံတို့ရှိ တအာင်း (ပလောင်) ပြည်သူများ၏ နေအိမ်အလုံး ၁၁၇ လုံးကိုလည်း RCSS အဖွဲ့ဝင်များက မီးရှို့လိုက်သည်ဟု ဒေသခံများကပြောသည်။

နမ္မတူမြို့နယ်အတွင်းက မီးလောင်သွားသည့် အိမ်များနှင့် ဖမ်းဆီးခံရသည့်ကိစ္စရပ်များသည် RCSS လက်ချက်ဖြစ်သည်ဟု ဒေသခံများက ပြောဆိုထားသော်လည်း RCSS ကတော့ ၎င်းတို့မဟုတ်ကြောင်း RCSS/SSA ပိုင် Tai Freedom ဝက်ဆိုက်နှင့် လူမှုယွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ငြင်းဆိုထားသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...