ဟားခါးမြို့ ယမန်နေ့ညပိုင်း ပစ်ခတ်မှုဖြစ်ပွားသည့် နေရာအနီးနေထိုင်သည့် ပြည်သူသုံးဦးအား ယနေ့မနက်ပိုင်းတွင် စစ်ကောင်စီမှ အကြမ်းဖက်ဖမ်းဆီး

ဟားခါးမြို့ ယမန်နေ့ညပိုင်း ပစ်ခတ်မှုဖြစ်ပွားသည့် နေရာအနီးနေထိုင်သည့် ပြည်သူသုံးဦးအား ယနေ့မနက်ပိုင်းတွင် စစ်ကောင်စီမှ အကြမ်းဖက်ဖမ်းဆီး
ဓာတ်ပုံ - ယမန်နေ့ညပိုင်း ပစ်ခတ်မှုကြောင့် အနီးအနားရှိနေအိမ်များ ကျည်ဆံမှန်ထားသည်ကိုတွေ့ရစဉ်။
ဓာတ်ပုံ - ယမန်နေ့ညပိုင်း ပစ်ခတ်မှုကြောင့် အနီးအနားရှိနေအိမ်များ ကျည်ဆံမှန်ထားသည်ကိုတွေ့ရစဉ်။

ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက် BOC လမ်းခွဲ အင်းဝဘဏ်အနီးတွင် မေလ ၄ ရက်နေ့ ယမန်နေ့ (မေလ ၄ ရက်) ညပိုင်း ရှစ်နာရီခန့်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် Chinland Defense Force (CDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ (မေလ ၅ ရက်) မနက်ပိုင်း ၈ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးတွင်နေထိုင်သည့် ပြည်သူသုံးဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“အင်းဝဘဏ်နားက အိမ်တစ်အိမ်ကနေ ဒီနေ့မနက် လူသုံးယောက်အဖမ်းခံရတယ်တဲ့၊ မနေ့ညက ဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သတ်ပြီးတော့ မေးမြန်းစရာရှိလို့ဆိုပြီး ဖမ်းသွားတယ်၊ အမျိုးသမီးနှစ်ယောက် အမျိုးသားတစ်ယောက် ဖမ်းသွားတယ်၊ အဲလောက်ပဲသိရသေးတယ်” ဟု ဟားခါးဒေသခံတစ်ဦးမှ ပြောသည်။

အာဏာသိမ်းစစ်ကောင်စီမှ ဖမ်းဆီးသွားသူသုံးဦးမှာ အိမ်ဝဘဏ်အနောက်ဘက်ရှိ နေအိမ်တစ်အိမ်မှဖြစ်ပြီး အိမ်အပေါ်ထပ်တွင်နေထိုင်သည့် အိမ်ပိုင်ရှင်အမျိုးသမီးနှင့် အိမ်အောက်ထပ်တွင်နေထိုင်သည့် အိမ်ငှားလင်မယားနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး နောက်ဆက်တွဲအခြေအနေ မသိရသေးပေ။

ဟားခါးဒေသခံတစ်ဦးမှ ယမန်နေ့ကဖြစ်စဉ်နှင့်ပတ်သတ်ပြီး “မနေ့ညက ၈ နာရီခွဲလောက်မှာ သေနတ်သံ ၆ ချက်လောက် စကြားရတယ်၊ သိပ်မကြာခင်မှာဘဲ နောက် အချက်နှစ်ဆယ်လောက် ဆက်တိုက်ပစ်တာကြားရတယ်၊ အဲဒီနောက်ပိုင်း ငြိမ်သွားတယ်၊ မနေ့ကပစ်တဲ့ထဲမှာ ဗုံးသံလိုမျိုး ပေါက်ကွဲသံတွေလည်းကြားရတယ်” ဟု ပြောသည်။

ယမန်နေ့ညပိုင်း ၈ နာရီခွဲဝန်းကျင်တွင် ဟားခါးမြို့ အင်းဝဘဏ်မျက်နှာချင်းဆိုင် BOC ဂိတ် အကြမ်းဖက်တပ်များ ခြေကုတ်သည့်စခန်းတွင် CDF - Hakha နှင့် အကြမ်းဖက်စစ်ကောင်စီစ်တပ်အကြား ပစ်ခတ်မှုရှိခဲ့ပြီး ရန်သူဘက်မှ ၁ ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိကြောင်း CDF မှ ထုတ်ပြန်ထားသည်။

ထို့ပြင် ယမန်နေ့ ညနေပိုင်း ၅ နာရီခွဲဝန်းကျင်တွင်လည်း ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားတွင် အကြမ်းဖက်စစ်ကောင်စီ ကားတစ်စီးအား CDF - Hakha မှ ပစ်ခတ်ခဲ့ပြီး အထိအခိုက်ကျဆုံးမှု အတိအကျမသိရကြောင်း သိရသည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...