CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်သို့ပြန်မဝင်ပါက ၅၀၅ (က) ဖြင့် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်

CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်သို့ပြန်မဝင်ပါက ၅၀၅ (က) ဖြင့် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်

သျှမ်းပြည်အတွင်း စစ်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုပြုလုပ်နေသည့် ပညာရေးဝန်ထမ်းများကို ရာဇာသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုနေသဖြင့် တချို့ပညာရေးဝန်ထမ်းများ စိုးရိမ်စိတ်များဖြင့် လုပ်ငန်းခွင်ပြန်ဝင်နေရကြောင်း စုံစမ်းသိရသည်။

အကြမ်းဖက်စစ်ကောင်စီမှ ကျောင်းများပြန်လည်ဝင်ရန် နည်းမျိုးစုံကြိုးစားနေပြီး၊ လက်ရှိ CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများကို အလုပ်ပြန်ဝင်ရန် ဖိအားပေးခြိမ်းခြောက်မှုကို ပြုလုပ်လာခြင်းဖြစ်ကြောင်း ပညာရေးဝန်ထမ်းများက ပြောပြသည်။

ထို အကြမ်းဖက်စစ်ကောင်စီမှ CDM ဝန်ထမ်းများကို ဖမ်းဆီးမှုပြုလုပ်မည်ဆိုပါက တချို့ မိသားစုရေးရာခက်ခဲနေသည့်သူများ၊ ထွက်ပြေး တိမ်းရှောင်ရန်ခက်ခဲသည့် ဝန်ထမ်းများရှိနေသဖြင့် Non -CDM အဖြစ်သို့ ပြောင်းရခြင်းဖြစ်ကြောင်း သီပေါမြို့ CDM များကို ကူညီပေးနေသူများက ပြောသည်။

“တချို့ဝန်ထမ်းက အခက်အခဲတွေ စိုးရိမ်မှုတွေကြောင့် Non -CDM လုပ်ကြတယ်။ တချို့ကျတော့ လစာမရလည်း ဘာမှမဖြစ်ဘူး။ အလုပ်ဖြုတ်ခံရလည်း ဘာမှမဖြစ်ဘူး၊ CDM ဆက်လုပ်တာတွေရှိတယ်။ များသောအားဖြင့်တော့ မိသားစုအရေး၊ အသက်ကြီးတဲ့သူ၊ ကလေးသူငယ်ရှိတဲ့သူတွေက Non-CDM ဖြစ်ကုန်တာ” ဟု သီပေါမြို့ CDM ကိုကူညီနေသည့် အမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့တွင် ပညာရေးဝန်ထမ်း စုစုပေါင်း ၁၀၄၁ ဦးရာ စစ်အာဏာရှင်ဖီဆန်ရေး CDM တွင်ပါဝင်သူ ယခင်လက ၅၈၄ ဦးရှိပြီး ယခုလတွင် ၄၃၅ ဦးထိသာရှိကြောင်း၊ လက်ရှိတွင် CDM တွင်ပါဝင်နေသည့် ဝန်ထမ်းများသည် အခက်ခဲများစွာကြုံတွေ့နေရကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

“CDM ခုချိန်ထိပါဝင်နေတဲ့ ဆရာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ တစ်ချို့ဆရာတွေလဲ သူတို့အခက်ခဲနဲ့သူတို့ပေါ့။ လစာကောင်းကောင်းမထောက်ပံ့နိုင်ဘူး။ လစာအခက်ခဲရှိလာနိုင်တယ်။ ဖြစ်နိုင်မယ်ဆိုရင် CDM မှာဘဲ ဆက်ပြီး တောင့်ခံစေချင်ပါတယ်” ဟု သီပေါမြို့ဒေသခံတစ်ဦးက ပြောသည်။

CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်းများကို ဖမ်းဆီးခြင်းမပြုလုပ်ပါက အကျိုးခံစားခွင့် လစာမရရှိလျှင်လည်း ပြဿနာမရှိကြောင်း၊ သို့သော် စစ်ကောင်စီမှ ဖမ်းဆီးခြင်း ဖမ်းဝရမ်းပြုလုပ်မည်ဆိုပါက တချို့ပညာရေးဝန်ထမ်းများ ရှောင်တိမ်းရန် ခက်ခဲမှုများစွာရှိကြောင်းလည်း မူဆယ်မြို့ကျောင်းဆရာမတဦးက ပြောသည်။

“ဖမ်းဆီးတာတွေလုပ်ရင်တော့ တစ်မျိုးဖြစ်သွားနိုင်တယ်။ လစာမရ အလုပ်ထုတ်ခံရရင်လည်း ဘာမှမဖြစ်ဘူး။ မဖမ်းရင်တော့ ဆရာမတွေက ဆက်ပြီးတော့ CDM လုပ်ကြမှာပါ” ဟု ၎င်းဆရာမကပြောသည်။

ဖေဖော်ဝါရီ ၁ ရက်မှစကာ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာကိုဆန့်ကျင်ဖီဆန်ရေး CDM ဝန်ထမ်းများကို အကြမ်းဖက်စစ်ကောင်စီမှ ၅၀၅ (က) ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီး၊ ဖမ်းဆီးခံရသည့် ဝန်ထမ်းတချို့ကိုလည်း ထောင်ထဲတွင် ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံရေးဝန်ထမ်းများကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခြင်း၊ အင်တာနက်ဖြတ်တောက်ခြင်း၊ သတင်းအမှောင်ချခြင်း၊ ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ပြီး နိုင်ငံတကာကို မည်သို့မှ မဖြစ်ပုံစံဖြင့် သတင်းကိုအမှောင်ချရန် ကြိုးပမ်းနေကြောင်းသိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...