တရုတ်နှင့် အမေရိကန်၏ ဖိအားများကြား တာချီလိတ် ကျားဖြန့်လုပ်ငန်းများကို စစ်ကောင်စီ အရေးယူပြ

တရုတ်နှင့် အမေရိကန်၏ ဖိအားများကြား တာချီလိတ် ကျားဖြန့်လုပ်ငန်းများကို စစ်ကောင်စီ အရေးယူပြ

စိုင်းဟန်လင်း — ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၅၂ ဦးကို စက်ပစ္စည်းအမြောက်အမြားနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ဧပြီလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဧပြီလ ၂၇ ရက် နေ့လယ် ၁၂ နာရီခန့်တွင် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် လိုမာဟိုတယ်အနီး၌ ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးရာ အွန်လိုင်းလိမ်လည်မှု လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး ၆ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့နှင့်အတူ ကွန်ပျူတာ ၃ လုံး၊ Laptop ၁၃ လုံး၊ လက်ကိုင်ဖုန်း ၃၂၀ လုံး၊ Tablet ၁၀၈ လုံးနှင့် အခြားဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။

ဆက်လက်၍ ယင်းနေ့ မွန်းလွဲ ၂ နာရီကျော်တွင် အဆိုပါရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးကို ထပ်မံရှာဖွေရာ တရုတ်နိုင်ငံသား ၉ ဦး (အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ ဦး)နှင့် မြန်မာနိုင်ငံသား ၃၄ ဦး (အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၇ ဦး) ကို ကွန်ပျူတာ ၂၃ လုံး၊ ဖုန်း ၅၂ လုံးနှင့် အခြားစက်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါစီးနင်းမှုအတွင်း စုစုပေါင်း ဖမ်းဆီးရမိသူ ၅၂ ဦးရှိပြီး ၎င်းတို့ကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

သို့သော်လည်း ယခုဖမ်းဆီးမှုသည် အမှန်တကယ် အမြစ်ပြတ်ချေမှုန်းခြင်းထက် နိုင်ငံတကာ၏ ဖိအားများကို လျှော့ချရန် လုပ်ဆောင်သည့် ဟန်ပြတစ်ခုသာဖြစ်ကြောင်း သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက သုံးသပ်သည်။

“တာချီလိတ်နဲ့ တခြားနေရာတွေမှာ ဖမ်းဆီးပြနေတာတွေဟာ တရုတ်နိုင်ငံကို စိတ်ကျေနပ်စေဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်း၊ အထူးသဖြင့် ဆိုက်ဘာလိမ်လည်မှု တိုက်ဖျက်ရေး အမေရိကန်ဦးဆောင်တဲ့ Task Force ကို စစ်ကောင်စီအနေနဲ့ ဒါကို ဆန့်ကျင်တိုက်ဖျက်နေပါတယ်လို့ ပြသဖို့အတွက် ဟန်ပြ လုပ်ဆောင်တာသက်သက်ပဲ ဖြစ်ပါတယ်”ဟု သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကုန်ပိုင်းမှစတင်၍ တရုတ်နိုင်ငံသည် နယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းလိမ်လည်မှုဂိုဏ်းများကို နှိမ်နင်းရန် စစ်ကောင်စီကို ဖိအားပေးခဲ့သည်။

တစ်ဖက်တွင်လည်း အမေရိကန်ပြည်ထောင်စုက Cyber Scam Task Force ကို ဖွဲ့စည်းကာ ဒေသတွင်း အွန်လိုင်းရာဇဝတ်မှုများကို တိုက်ဖျက်ရန် ကြိုးပမ်းနေသည်။

စစ်ကောင်စီက ယခုဖမ်းဆီးမှုကို အမျိုးသားရေးတာဝန်အဖြစ် ဖော်ပြနေသော်လည်း လက်တွေ့မြေပြင်တွင်မူ ထိပ်ပိုင်းခေါင်းဆောင်များနှင့် နယ်ခြားစောင့်တပ် (BGF) များ၏ ပါဝင်ပတ်သက်မှုက ကြီးမားသော မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း စိုင်းဝမ်းစိုင်းက ပြောသည်။

ကရင်ပြည်နယ်မှ ဗိုလ်မှူးကြီးစောချစ်သူကိစ္စနှင့် သျှမ်းပြည်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် (EAO) နယ်မြေအချို့ရှိ ကျားဖြန့်စင်တာများသည် အာဏာပိုင်အချို့၏ ခွင့်ပြုချက် သို့မဟုတ် အကာအကွယ်ဖြင့် လည်ပတ်နေခြင်းဖြစ်ကြောင်း စိုင်းဝမ်းစိုင်းက ထောက်ပြသည်။

“ဆိုက်ဘာလိမ်လည်မှုဟာ နေရာအနှံ့မှာ အုပ်စုငယ်လေးတွေခွဲပြီး ပျံ့နှံ့ဖို့ လွယ်ကူတာဖြစ်ပါတယ်။ ဒါဟာ မူးယစ်ဆေးဝါးမှောင်ခိုကူးတာထက်တောင် ပိုလွယ်ကူပါတယ်။ ကွန်ပျူတာတစ်လုံးရှိတဲ့ ဘယ်သူမဆို ဒါကို လုပ်ဆောင်နိုင်ပါတယ်”ဟု သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြန်မာနိုင်ငံအခြေစိုက် ငွေလိမ်ဂိုဏ်းများကြောင့် အမေရိကန်နိုင်ငံသားများမှာ ၂၀၂၅ ခုနှစ်အတွင်း ဒေါ်လာ ၇.၂ ဘီလီယံကျော် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန (INL) က ကရင်ပြည်နယ်အတွင်းရှိ Tai Chang 1.0, 2.0 နှင့် 3.0 ဟုခေါ်သော ငွေလိမ်စင်တာများ၏ ငွေကြေးခဝါချမှုကွန်ရက်ကို ဖော်ထုတ်နိုင်ရန် ဒေါ်လာ ၁၀ သန်း ဆုကြေးငွေအဖြစ် ပြီးခဲ့သည့် (ဧပြီ ၂၄ ရက်) တွင် ကြေညာလိုက်သည်။

June 9, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့်...
June 8, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA...
June 6, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း...
June 1, 2026
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...