သတင်းသမားလွတ်လပ်ခွင့် ဆုံးရှုံးနေကြောင်း ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် ရခိုင်သတင်းသမားများပြောဆို

သတင်းသမားလွတ်လပ်ခွင့် ဆုံးရှုံးနေကြောင်း ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် ရခိုင်သတင်းသမားများပြောဆို

သတင်းရေးသားရာ၌ သတင်းသမားများ၏ လွတ်လပ်ခွင့်များဆုံးရှုံးနေကြောင်း ယမန်နေ့ မေလ ၃ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် ရခိုင်သတင်းသမားများက ပြောဆိုလိုက်သည်။

လက်ရှိအချိန်တွင် သတင်းစာလွတ်လပ်ခွင့်မှာ ယခင်ထက် ပိုပြီးဆုံးရှုံးလာသလိုခံစားရကြောင်း Eleven သတင်းဌာနမှ အကြီးတန်းသတင်းထောက် (ရခိုင်အခြေစိုက်) ကိုသန်းလှိုင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာဆိုရင်တော့ သတင်းသမားတွေကို ဖြေဆိုမယ့်သူမရှိဘူးပေါ့။ လွတ်လပ်စွာရေးရင်လည်း တစ်ဖက်က ကန့်ကွက်မှုအနေအထားလည်းရှိနေတယ်။ အဲဒီလိုအနေအထားတွေကို ကြုံခဲ့ရတယ်ပေါ့။ အခုအချိန်တော့ သတင်းစာလွတ်လပ်ခွင့်တော့ အခုအခြေနေမှာ ပိုပြီးတော့ လွတ်လပ်ခွင့်မရှိသလို ခံစားရပါတယ်။ ဘာလို့လဲဆိုတော့ တချို့ ကျွန်တော်တို့ မီဒီယာသမားတွေအနေနဲ့ သိချင်တဲ့အချက်အလက်တွေကိုရဖို့အတွက် ခက်ခဲတယ်။ သတင်းအရင်းအမြစ်တွေကလည်း လက်ရှိကာလမှာဆိုရင် မဖြေရဲကြတာတွေဖြစ်လာကြတယ်။ အဲသလိုအခြေအနေတွေ အခု အများကြီးရှိလာတယ်ပေါ့” ဟု ပြောသည်။

အစိုးရအရပ်ရပ် ပြောင်းလဲလာသည်နှင့်အမျှ မတူညီသည့် လွတ်လပ်ခွင့်များရှိသော်လည်း မီဒီယာလွတ်လပ်ခွင့်မှာ ၅၀ ရာခိုင်နှုန်းခန့်သာရှိခဲ့ကြောင်း ၄င်းက သုံးသပ်ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်တွင်လည်း သတင်းများကို သတိထားရေးသားနေရပြီး လွတ်လပ်ခွင့်များဆုံးရှုံးကာ လုံခြုံရေးကိုလည်း စိုးရိမ်နေရသည်ဟု သတင်းသမားများက ပြောဆိုကြသည်။

ရခိုင်ပြည်နယ်အတွင်းမှ ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက်တိုက်ပွဲများအား သတင်းရေးသားသည့်ခဲ့သည့်အခါ တိုက်ပွဲအခြေနေနှင့်ပတ်သက်ပြီး တပ်မတော်ဘက်မှ မီဒီယာများသို့ တစ်စုံတစ်ရာဖြေဆိုခြင်းမရှိသည့်အတွက် သတင်းရေးသားရာတွင် အခက်ခဲကြုံခဲ့ရ၍ မီဒီယာလွတ်လပ်ခွင့်ကို မခံစားရကြောင်း ရခိုင်အခြေစိုက် Development Media Group သတင်းဌာနမှ သတင်းထောက် မနှင်းနွယ်က ပြောသည်။

“ကျွန်မဆိုရင် အရင်က တိုက်ပွဲသတင်းတွေနဲ့ပတ်သက်လို့ သတင်းရေးခဲ့တာတွေရှိတယ်။ သတင်းမီဒီယာဥပဒေနဲ့အညီ ဘက်မျှမှုရှိဖို့အတွက် ဒေသခံရော၊ တပ်ကိုပါ ဆက်သွယ်ခဲ့ပေမဲ့လည်း ဆက်သွယ်မရခဲ့တဲ့အခါ မီဒီယာကျင့်ဝတ်နဲ့အညီ ဖော်ပြခဲ့တယ်။ ကိုယ်ကလည်း အဲဒီအတိုင်း ရေးလိုက်တဲ့အခါမှာ အဲဒါက ကိုယ့်ကို အန္တရာယ်ဖြစ်လာစေတာတွေရှိပါတယ်။ သတင်းကတင်ပြီးမှ သူတို့ဘက်က မီဒီယာသမားတွေကို တရားစွဲဆိုတာတွေရှိတယ်ပေါ့။ အဲဒီအခါမှာဆိုရင် သတင်းလိုက်ရတဲ့အပိုင်းတွေမှာ သတင်းမီဒီယာလွတ်လပ်ခွင့်မရှိသလို ခံစားရတယ်” ဟု ပြောသည်။

သတင်းမီဒီယာလွတ်လပ်ခွင့်မရှိသောကြောင့် မီဒီယာသမားများသာ နစ်နာခြင်းမဟုတ်ဘဲ ပြည်သူများအတွက်ပါ နစ်နာမှုရှိကြောင်း သူမက ဆက်ပြောသည်။

“သတင်းမီဒီယာက ပြည်သူလူထုအတွက် အရမ်းအရေးပါပါတယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့်မရှိတဲ့အတွက် မီဒီယာသမားပဲ နစ်နာတာမဟုတ်ပါဘူး။ ပြည်သူတွေအတွက်လည်း နစ်နာပါတယ်။ တချို့ဆိုရင် အမှန်တရားကိုမသိဘဲ သတင်းအမှောင်ချခံထားရတာတွေရှိပါတယ်” ဟု ပြောသည်။

မနှင်းနွယ်မှာ “ကျောက်တော်မြို့နယ် မာလာကျေးရွာမှ စပါးတောင်း ၇၀၀ ကို တပ်မတော်သားများ ယူဆောင်သွားဟုဆို” သတင်းခေါင်းစဉ်ဖြင့် သတင်းရေးသားခဲ့သည့်အတွက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တပ်မတော်က ဗိုလ်မှူးဘုန်းမြင့်ကျော်မှ တရားလိုလုပ်ပြီး တရားစွဲဆိုထား၍ လက်ရှိ စစ်တွေမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေရလျက်သည်။

သူမနှင့်အတူ DMG သတင်းဌာနမှ ဒုတိယတာဝန်ခံအယ်ဒီတာ ဦးနေဝင်းစံလည်း ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရပြီး အယ်ဒီတာချုပ် ဦးအောင်မင်းဦးမှာလည်း မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ခံထားရ၍ တိမ်းရှောင်နေရသည်မှာ ၂ နှစ်ခန့်ရှိသွားပြီဖြစ်သည်။

မြန်မာနိုင်ငံရှိ စာနယ်ဇင်းသမားများအနေဖြင့် လွတ်လပ်မှုရှိရှိ သတင်းတင်ပြခွင့်ရှိရမည်ဖြစ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် မည်သည့်လွတ်လပ်သော ပုံနှိပ်မီဒီယာမျှ လုပ်ငန်းလည်ပတ်နေခြင်းမရှိဘဲဖြစ်နေကြောင်း၊ သတင်းအချက်အလက်ရရှိမှုတို့ကို ထိန်းချုပ်ရန် အင်တာနက်များကို ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း၊ ဤလုပ်ရပ်များသည် မီဒီယာလွတ်လပ်ခွင့်ကို ဖိနှိပ်ခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းတွင် ပြဋ္ဌာန်းထားသော လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်တို့ကို ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ဩစတေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေး၊ စပိန်၊ ဆွီဒင်၊ ဆွဇ်ဇာလန်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုဆိုင်ရာ သံတမန်အဖွဲ့အစည်းများ၏ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...