မွန်ပြည်နယ်တွင် ဖမ်းခံထားရသူ ၂၀၀ ကျော်ရှိ

မွန်ပြည်နယ်တွင် ဖမ်းခံထားရသူ ၂၀၀ ကျော်ရှိ

မွန်ပြည်နယ်အတွင်း၌ စစ်အာဏာရှင်ကို ဆန့်ကျင်မှုကြောင့် အဖမ်းခံထားရသူ  အယောက် ၂၀၀ ကျော် ရှိနေသည်ဟု ဖမ်းဆီးခံရသူများအတွက် လိုက်လံကူညီပေးနေသည့် ရှေ့နေများ က ပြောသည်။

ဖမ်းဆီးခံရသူများသည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ နှင့် ပုဒ်မ ၁၈၈ တို့ဖြင့် တရားစွဲဆိုခံထားရပြီး ထောင်တွင်း တရားရုံးတွင် တရားရင်ဆိုင်နေရသည်ဟုလည်း ဖမ်းဆီးခံရသူများအရေး ဆောင်ရွက်နေသူများက ပြောသည်။

ဖမ်းဆီးခံရသူများအား လိုက်လံကူညီပေးနေသည့် ရှေ့နေတစ်ဦးက “နေ့တိုင်းဖမ်းတယ်။ ဒီတစ်ပတ်ထဲမှာပဲ CDM ဝန်ထမ်းတွေ ဖမ်းခံရတာတွေလည်း ရှိတယ်။ တော်တော်များများက ၅၀၅ နဲ့ တရားစွဲခံရတယ်။ နောက် ပြီး ပုဒ်မ ၁၈၈ လည်းပါတယ်” ဟု ပြောသည်။

ပြည်နယ်အတွင်းက စစ်အာဏာရှင်ကို ဆန့်ကျင်နေကြသည့် ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ ဝင် များက ဆက်တိုက် လိုက်လံဖမ်းဆီးနေသည် ဟု သိရသည်။

“စစ်အာဏာရှင်ကို အလိုမရှိလို့ ဆန့်ကျင်ဆန္ဒပြနေတဲ့လူတွေ CDM မှာ ပါနေတဲ့လူတွေကို အခုဆို နေ့ရော ည ရော လိုက်ပြီးတော့ ဖမ်းဆီးနေတယ်၊ မတွေ့ရင် မိသားစုဝင်တွေကိုပါခေါ်သွားနေတာတွေလည်း လုပ်လာတယ်” ဟု စစ်အာဏာရှင်ကို ဆန့်ကျင်ရေးတွင် ပါဝင်လှုပ်ရှားနေသူတစ်ဦး က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကပင် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်ထားပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံထားရသည့် သံဖြူဇရပ်မြို့မှ ကျောင်းဆရာမတစ်ဦးကိုလည်း စစ်ကောင်စီမှ သွားရောက် ဖမ်းဆီးခဲ့ ပြီး အဆိုပါ ကျောင်းဆရာမကို မမိသည့်အတွက် ကျောင်းဆရာမ၏ မိသားစုဝင် သုံးဦးကို ဓါးစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးခံရသူများသည် ၎င်းတို့အား လိုက်လံကူညီပေးနေသည့် ရှေ့နေများနှင့်လည်း ကောင်းမွန်စွာ တွေ့ခွင့်မရ သလို မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မရကြဘူးဟု သိရသည်။

မွန်ပြည်နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုများ မပြုလုပ်နိုင်အောင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံ ရေးများ ပိုမို တင်းကြပ်ထားသော်လည်း စစ်အာဏာရှင်ကို အလိုမရှိသည့် ပြည်သူများက နည်းမျိုးစုံဖြင့် စစ်အာ ဏာရှင်ကို ဆက်လက် ဆန့်ကျင် ဆန္ဒပြနေ ကြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း၌ စစ်အာဏာရှင်ကို ဆန့်ကျင်ပြသူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့များက ပစ်ခတ်မှုကြောင့် ၁၁ နှစ် အရွယ်ကလေးတစ်ဦးအပါအဝင် သေဆုံးသူ ၈ ဦး ရှိခဲ့သည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ တနိုင်ငံလုံး တွင် ဧပြီလ ၂၃ ရက်နေ့အထိ စစ်အာဏာရှင်ဆန့်ကျင်မှုကြောင့် သေဆုံး (၇၄၅) ဦးရှိပြီး ဖမ်းဆီးခံထားရသူ ၃၃၇၁ ဦး ရှိသည်။

Most read this week

August 11, 2026
ဧရာဝတီတိုင်းအတွင်း ပြည်သူများ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရချိန်တွင် ရေကြည်နှင့် သာပေါင်း...
August 11, 2026
ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ မင်းဇေသန့် ပြည်သူ့စစ်သင်တန်းကွင်း တိုက်ခိုက်ခံရပြီးနောက်...
August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...