မိုးမောက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်နေပြီး စစ်ရှောင် ၅၀၀၀ ကျော်သွားပြီ

မိုးမောက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်နေပြီး စစ်ရှောင် ၅၀၀၀ ကျော်သွားပြီ

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းက ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ယခုရက်ပိုင်း စစ်ရှောင်ပြည်သူများ တိုးလာနေပြီး ယခုခါ စစ်ရှောင် ၅၀၀၀ ကျော်သွားပြီဖြစ်ပြီး နေစရာ နေရာနှင့် အရေးပေါ်အကူအညီများ လိုအပ်နေ သည်ဟု စစ်ရှောင်များနှင့် ၎င်းတို့အား ကူညီပေးနေသူများက ပြောသည်။

မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ကြောင်း တလျှောက်က ကျေးရွာပေါင်း ၁၀ ရွာခန့်က ရွာသားတွေက မိုးမောက် မြို့နှင့် ဗန်းမော်မြို့ များသို့  စစ်ဘေးတိမ်းရှောင်လာကြသည့်အတွက် ယခုခါ နေရာအခက်အခဲများ နှင့် ရင်ဆိုင် နေရသည်ဟု ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD (ကချင်ပြည်နယ်) က တာဝန်ရှိသူ တစ်ဦး က ပြော သည်။

“တိုက်ပွဲတွေကတော့ ဆက်တိုက်ဖြစ်နေတာပေါ့။ ဟိုတစ်ခေါက်ပြောသလိုပေါ့နော် တာပိန်တကြောကလူတွေ အကုန် လုံးပဲ ရှောင်လာပြီနော်။ အခုဖြစ်နေတဲ့နေရာ လူဦးရေ နှစ်သောင်းလောက်ရှိတဲ့ ဧရိယာမှာ ဆက်နေတာပေါ့။ အခုဆို ရင် ပြေးလာတဲ့လူက ၅၀၀၀ ထက်မနည်းဘူးလို့ ပြောလို့ရပြီ။ ကျနော်တို့ ဒီအများစုက မိုးမောက်၊ ဗန်းမော်မှာ ရှိတဲ့ ရွာတွေ ကို ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ သေနတ်သံ မကြားရတဲ့ ရွာတွေမှာရှိတဲ့ ဆွေမျိုးတွေဆီမှာ လာနေကြတယ်။ အခုဆို ဘုန်းကြီးကျောင်းတွေလည်း ပြည့်ကုန်တော့ ဘယ်သွားရမှန်းမသိတဲ့ လူတွေလည်း အများ ကြီးပဲ။ စစ်ရှောင်ဦးရေ အခုဆို အတည်ပြုရခက်သွားပြီ။ ဒီနေ့စာရင်းကောက်တယ် ၁၀၀ ဆို ညနေပြန်သွားကောက် ၂၀၀၊ ၃၀၀ အဲလိုဖြစ်သွားပြီ။ နေ့တိုင်း လူတွေရောက်နေတယ်။”

စစ်ရှောင်ဦးရေ နေ့စဉ်တိုးလာနေသည့်အတွက် နေစရာနေရာ၊ စားနပ်ရိက္ခာနှင့် အိပ်ယာများ အရေးပေါ် လိုအပ်နေ သည်ဟု စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။

မိုးမောက်မြို့ စစ်ရှောင်များကို ကူညီပေးနေသူ တစ်ဦးက “လောလောဆယ် အဓိကလိုအပ်နေတာက အခက်အခဲက နေစရာ အခက်အခဲပေါ့နော်၊ ဘုန်းကြီးကျောင်းတွေမှာ နေတယ်ဆိုပေမယ့် အခုက နေစရာ နေရာ လုံးဝမရှိတော့ဘူး။ ဘုန်းကြီးကျောင်းတွေကလည်း လူနေဖို့ စီစဉ်ထားတဲ့နေရာမဟုတ်တော့ ရက်ကြာလာတာနဲ့ ပိုပြီး ခက်ခဲလာတယ်။ ဆွေမျိုးတွေအိမ်ဆိုလည်း ရက်ရှည်လာရင် ဘယ်မှာ ဆက်နေမလဲပေါ့၊ အခုက သူတို့အတွက် ရှောင်တိမ်းဖို့နဲ့ နေရာ စရာအတွက် Camp လိုနေရာမျိုး လိုအပ်နေပြီနော်။ အခုကောက်တဲ့စာရင်းအရဆို ရွာပေါင်း ၁၀ ကျော်တယ် ပြေး လာတဲ့လူတွေက။ အဲ့တော့ အဓိကက နေရာထိုင်ခင်းပေါ့နော်” ဟု ပြောသည်။

မိုးမောက်မြို့  ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က တာဝန်ရှိသူ တစ်ဦးကလည်း “လူက များလာတယ်ဆိုတော့ အခုက အိပ်ယာခင်းတွေလည်း အဆင်မပြေတော့ဘူး။ သူတို့ကို ထားတဲ့နေရာကလည်း သမံတလင်းဆိုတော့ လူကြီး တွေ ကလေးတွေအတွက်က ကြာကြာဆို အဆင်မပြေတော့ဘူး။ ဖျာတွေလိုတယ်၊ အိပ်ယာခင်းတွေလိုတယ်။ ပြီး နေမယ့် နေရာပေါ့နော် အဲ့ဒါအဓိကဖြစ်တယ်။ လောလောဆယ် ဘုရားကျောင်းက စားဖို့ စီစဉ်ပေးထားတယ်။ ကြာလာရင်တော့ ရိက္ခာလိုတာပေါ့နော်။ တချို့လည်း စားနပ်ရိက္ခာနည်းနည်း လာကူညီတာရှိတယ်။ ဒါပေမယ့် လိုတာတော့ အများကြီးပဲ” ဟု ပြောသည်။

ကချင်ပြည်နယ် မိုးမော်မြို့နယ်အတွင်း စစ်ရေးအရ အရေးကြီးသည့်၊ အချက်အချာကျသည့် အလော့ဘွမ် တပ်စခန်း ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က မတ်လ ၂၅ ရက်နေ့က သိမ်းပိုက်ခဲ့ပြီး အာဏာသိမ်း စစ်အုပ်စု တပ်ဖွဲ့များ က ဧပြီလ ဒုတိယပတ်ခန့် မှာ ပြန်လည် တိုက်ခိုက်မှုတွေ ပြုလုပ်နေသည့်အတွက် အနီးတဝိုက် တိုက်ပွဲများ ပြင်းထန် နေခြင်း ဖြစ်သည်။

“တိုက်ပွဲတွေဖြစ်တဲ့ ရွာကလူတွေက အခုဒီကိုပြေးလာတယ်နော်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ဒီနေရာနဲ့ဆိုလည်း ၁ နာရီခွဲ လောက်ပဲဝေးတယ်လေနော်။ လေယာဉ်နဲ့ပစ်လည်း ကြားနေရတယ်။ မြင်နေရတယ်။ လက်နက်ကြီးမပြောနဲ့ သေ နတ် ပစ်ရင်တောင် ကြားနေရတာဆိုတော့ တိုက်ပွဲတွေ မိုးမောက်ဘက် အရမ်းဖြစ်လာရင် ကျမတို့လည်း ဘယ်မှာ ပြေးရမလဲပေါ့။ အဓိက စိုးရိမ်ရတာက အခုဆိုရင် လုံခြုံရေးပဲနော်။ စစ်ရှောင်တွေအတွက်လည်း စိတ်ပူရတယ်။ ကိုယ့်အတွက်လည်း စိတ်ပူနေရတယ်” ၎င်း က ဆက်ပြောသည်။

မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ စီးဟက်နှင့် ကုန်းလောစသည့် ကျေးရွာများအနီးရှိ အာဏာသိမ်းစစ်ကောင်စီ တပ် ၏ စစ်စခန်းကုန်းငယ်များကိုလည်း KIA က သိမ်းယူပြီးနောက် အဆိုပါကျေးရွာများနှင့် အနီးအနားတွင် နှစ်ဖက် ကြား တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများနှင့် ပစ်ခတ်နေသည့်အပြင် လေယာဉ်များဖြင့်လည်း လာရောက် ပစ်ခတ် နေသည်ဟု ဒေသခံများ က ပြောသည်။ 

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အသက် (၈၄) နှစ်အရွယ် အဖွားအို တစ်ဦးအပါအဝင် ရွာသားလေးဦး လက်နက် ကြီးကျည်ထိမှန်ကာ သေဆုံးခဲ့ရကြောင်း ကျေးရွာအချို့ထဲသို့လည်း လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခြင်း၊ ဝေဟင်ထိုးစစ်ဆင် ပစ်ခတ်ခဲ့ခြင်းတို့ကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်အများအပြား ပျက်စီးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

Most read this week

August 11, 2026
ဧရာဝတီတိုင်းအတွင်း ပြည်သူများ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရချိန်တွင် ရေကြည်နှင့် သာပေါင်း...
August 11, 2026
ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ မင်းဇေသန့် ပြည်သူ့စစ်သင်တန်းကွင်း တိုက်ခိုက်ခံရပြီးနောက်...
August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...