ရှမ်းဒုက္ခသည်စခန်းအနီး နှစ်ရက်ဆက်တိုက် လက်နက်ကြီးများကျ

ရှမ်းဒုက္ခသည်စခန်းအနီး နှစ်ရက်ဆက်တိုက် လက်နက်ကြီးများကျ

မြန်မာ-ထိုင်းနယ်စပ်ရှိ ရှမ်းစစ်ရှောင်စခန်းများအနက် အကြီးဆုံး စစ်ရှောင်စခန်းတစ်ခုဖြစ်သည့် လွယ်ကော် ဝမ်းစစ်ရှောင်းစခန်းအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လက်နက်ကြီးများ ဖြင့် ပစ်ခတ်နေသည်ဟု စစ်ရှောင်စခန်းတာဝန်ရှိသူများက ပြောသည်။

 

လွယ်ကော်ဝမ်း ရှမ်းစစ်ရှောင်စခန်းသည် မြန်မာ-ထိုင်းနယ်စပ် မြန်မာဘက်ခြမ်းတွင် တည်ရှိပြီး ဧပြီလ ၁၉ ရက် နေ့ (ယနေ့) မွန်းလွှဲပိုင်းအချိန်ထိ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့သည် ဟု စစ်ရှောင် စခန်းတာဝန်ရှိသူ များ က ပြောသည်။

 

ရှမ်းစစ်ဘေးဒုက္ခသည်များ ကူညီရေးကော်မတီ(ထိုင်း-မြန်မာ) နယ်စပ် အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းလျန်း က “လက်နက်ကြီး ၃ လုံးပစ်တယ်။ အဲ့ဒီက လွိုင် ကော်ဝမ်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေနေတဲ့နေရာနဲ့ မနီးမဝေးမှာ ကျတာပေါ့။ သူတို့တွေခြံတွေဘာတွေ သွား လုပ်တဲ့နေရာ၊ စိုက်ပျိုးရေးလုပ်တဲ့နေရာမှာ ကျတယ်။ အဲ့နေရာမှာ နှစ်လုံးကျတယ်။ တစ်လုံးကတော့ ဘယ်နေ ရာမှာ ကျတယ်ဆိုတာ မသိသေးဘူး။ လွိုင်ကော်ဝမ်းဆိုတာကတော့ ချင်းရိုင်းနဲ့ မျက်နှာချင်းဆိုင်ပေါ့။ ဟုတ် တယ် မနေ့ကလည်း ပစ်တယ်” ဟု ပြောသည်။

 

ထို့အပြင် လွယ်ကော်ဝမ်းစစ်ရှောင်စခန်းအတွင်းသို့ ဧပြီလ ၁၈ ရက်နေ့ (ယမန်နေ့) ညနေ ၅ နာရီ အချိန်ခန့် က လည်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ပြောသည်။

 

“ထိခိုက်တာတော့ မရှိဘူး။ ဒါပေမယ့် ရွာသားတွေက ပစ္စည်းတွေဘာတွေသိမ်းထားတယ်။ အရေးကြီးပစ္စည်း တွေ သိမ်းထားတယ်။ ဖြစ်လာလို့ရှိရင် ပြေးဖို့ပေါ့နော်။ ဘေးလွတ်တဲ့နေရာကို ပြေးဖို့ ပစ္စည်းလေးတွေ တပိုင် တနိုင် သိမ်းထားတယ်” ဟု စစ်ရှောင်စခန်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

စစ်ရှောင်များသည် ကရင်ပြည်နယ် တပ်မဟာ ၅ နယ်မြေအတွင်း ဖြစ်စဉ်ကဲ့သို့ စစ်ကောင်စီတပ်များက လေ ယာဉ်ဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ထပ်မံပြုလုပ်လာမည်ကို စိုးရိမ်နေကြသည်ဟု စိုင်းလျန်း က ဆက်ပြောသည်။

 

“စိုးရိမ်ချက်တော့ လက်နက်ကြီးတွေပစ်လာတာပေါ့၊ တစ်ခုရှိတာက ကရင်မှာလို လေယာဉ်ပျံနဲ့ ဗုံးလာကြဲ မ လားပေါ့။ လွိုင်ကော်ဝမ်း အနီးအနားမှာဆိုရင် UWSA ရဲ့ တပ်စခန်းလည်းရှိတယ်။ ဒီအာဏာသိမ်း စစ်ကောင် စီရဲ့ တပ်စခန်းတွေလည်းရှိတယ်။ ရှိတယ်ဆိုတော့ သူတို့က အမြောက်လက်နက်ကြီးနဲ့ပစ်ရင် ရောက်နိုင်တာ ပေါ့။ စိုးရိမ် တာက ဘာစိုးရိမ်လည်းဆိုရင် အဲ့လိုမျိုးပစ်လာမယ်ဆိုရင် လုံခြုံမှုပေါ့။ သူတို့ကတော့ တတ်နိုင်သ လောက် ကတုတ်ကျင်းတော့ တူးထားတယ်။ ကတုတ်ကျင်းဆိုတာ က လက်နက်ငယ်လောက်ပဲရတာလေ။ လက်နက်ကြီး ဆိုရင် အန္တရာယ်ရှိတာပေါ့။”

 

မြန်မာ-ထိုင်း နယ်စပ် မြန်မာဖက်ခြမ်းရှိ ရှမ်း IDPs စစ်ဘေးရှောင် ၆၀၀၀ ကျော်ရှိပြီး ၎င်းတို့မှာ နယ်စပ် တလျှောက်တွင်ရှိသည့် ကောင်းမုမိန်း၊ လွယ်ဆမ်စစ်(ပ်)၊ လွယ်လန်၊ လွယ်တိုင်းလျန်း နှင့် လွယ်ကော်ဝမ်း စစ် ရှောင်စခန်းများနှင့် ထိုင်းဖက်ခြမ်းရှိ ကုန်းကျော် Refugee ဒုက္ခသည် စခန်းတို့တွင် နေထိုင်နေကြရသည်။

 

အဆိုပါ စစ်ရှောင်စခန်း ၆ ခု ရှိသည့်အနက် လွယ်ကော်ဝမ်းစစ်ရှောင်စခန်းမှာ အကြီးဆုံးနှင့် လူဦးရေအများဆုံး နေထိုင်သည့် စခန်းတစ်ခုဖြစ်သည်။

 

“လွိုင်ကော်ဝမ်းက ထိုင်းနဲ့ ရှမ်းနယ်စပ်တစ်လျှောက်မှာရှိတဲ့ ရှမ်း IDPs စခန်းအားလုံးအပါအဝင် ကုန်းကျော် refugee အပါအဝင် ရှမ်းစစ်ရှောင်က ၆၀၀၀ နည်းနည်းကျော်မယ်။ ၆၁၀၀ ကျော်ပေ့ါ လူဦးရေက။ အဲ့ထဲမှာ လွိုင်ကော်ဝမ်းက အကြီးဆုံး လွိုင်ကော်ဝမ်းတစ်ခုလုံးက ၂၆၀၀ လောက်ရှိတယ်။ စစ်တွေ ပြင်းထန်လာရင် ထိုင်းထဲကိုဝင်ခွင့်ပေးဖို့အတွက် ထိုင်းအာဏာပိုင်တွေကို တောင်းဆို ထားတယ်။ ကနေ့ထက်ထိတော့ ဘာမှ အကြောင်းကြားတာ တုန့်ပြန်တာ မရှိသေးဘူး” ဟု ရှမ်းစစ်ဘေးဒုက္ခသည်များ ကူညီရေးကော်မတီ(ထိုင်း-မြန်မာ) နယ်စပ် အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

 

မတ်လ ၃၀ ရက်နေ့ က မြန်မာ-ထိုင်းနယ်ခြားကော်မတီ(တာချီလိတ်ရုံး)မှ ထိုင်းဘက်ခြမ်းရှိ နယ်ခြားကော်မတီ (မယ်ဆိုင်ရုံး)ကို ပေးပို့လာသည့် အကြောင်းကြားစာအရ အာဏာသိမ်းတပ်မှ RCSS/SSA ၏ ထိုင်းနယ်စပ် တစ် လျှောက်ရှိ အခြေစိုက်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မည်ဖြစ်သည် ဆိုသည့် သတင်းများထွက်ပေါ်လာ ခဲ့ပြီးနောက် ဧပြီလ ၁၈ ရက်နေ့ နှင့် ဧပြီလ ၁၉ ရက်နေ့တို့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ် သည်။

ထို့အကြောင့် ယခုခါ RCSS/SSA ဌာနချုပ်အနီးရှိ ရှမ်းစစ်ဘေးရှောင်များမှာ ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ် နေကြပြီး တိုက်ပွဲ များ ဖြစ်ပွားလာပါ ထိုင်းနိုင်ငံဘက်အခြမ်းတွင် ဝင်ရောက်ခိုလှုံခွင့်ပြုပေးရန် တောင်းဆိုထား သည်။

 

လွယ်ကော်ဝမ်းအပါအဝင် ကောင်းမုမိန်း၊ လွယ်ဆမ်စစ် (ပ်)၊ လွယ်လန်၊ လွယ်တိုင်းလျန်း နှင့် ထိုင်းဖက်ခြမ်းရှိ Refugee ဒုက္ခသည် ကုန်းကျော် စခန်းတို့ ရှိ ရှမ်းစစ်ဘေးဒုက္ခသည်များမှာ ပြီးခဲ့သည့် ၁၉၉၆ မှ ၁၉၉၈ ခုနှစ်ကြား နှစ်များတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရ တပ်မတော်တို့ အကြား ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခ တိုက်ပွဲများကြောင့် နေရပ်အသီးသီးကို စွန့်ကာ ထွက်ပြေးတိမ်းရှောင်လာသူများ ဖြစ်ကြသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...