CRPH က ကြားကာလ အစိုးရ ဖွဲ့စည်းမှု ထုတ်ပြန်

CRPH က ကြားကာလ အစိုးရ ဖွဲ့စည်းမှု ထုတ်ပြန်

တိုင်းရင်းသား လူမျိုးများ ပါဝင်သည့် ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရကို ဖွဲ့စည်းလိုက်ကြောင်း ဧပြီလ ၁၆ ရက်နေ့ (ယနေ့) တွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ထုတ်ပြန် ကြေညာလိုက်သည်။

CRPH က ထုတ်ပြန်လိုက်သည့် ကြားကာလ အမျိုးသား ညီညွှတ်ရေးအစိုးရအဖွဲ့တွင် သမ္မတအဖြစ် ဦးဝင်းမြင့် နှင့် ဒုတိယ သမ္မတအဖြစ် ကချင်တိုင်းရင်းသား တစ်ဦးဖြစ်သူ ဒူဝါလရှီးလ အား တာဝန်အပ်နှင်းထားသည်ကို တွေ့ရသည်။

ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူးကိုလည်း ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရအဖွဲ့ တွင် ပြန်လည်ထည့်သွင်းထားပြီး ယခင်ရာထူးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်အပ်နှင်းထားသည်ကို ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

CRPH ၏ ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရတွင် ပြည်ထောင်စု ဝန်ကြီးချုပ်အဖြစ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဒေါ်ဇင်မာအောင်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဦးလွင်ကိုလတ်၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ် ဦးရည်မွန်၊ ဖက်ဒရယ် ပြည်ထောင်စု ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ လျန်မှုန်းဆာ ခေါင်၊ စီမံကိန်း၊ဘဏ္ဏာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဦးတင်ထွန်းနိုင်၊ လူသား ချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ် ဒေါက်တာ ဝင်းမြတ်အေး တို့ပါဝင်သည်ကို ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဌာနအဖြစ် ဒေါက်တာ ဆာဆာ၊ ပညာရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ် ဒေါက်တာဇော်ဝေစိုး၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ် ဒေါက်တာ တူး ခေါင်၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ် နော်စူစဲန်နာ လှ လှစိုးတို့ကို တာဝန်အပ်နှင်းထားသည်ကို တွေ့ရသည်။

CRPH က ပြည်ထောင်စုဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများကိုလည်း ခန့်အပ်တာဝန်အပ်နှင်းထားပြီး နိုင်ငံခြား ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးမိုးဇော်ဦး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဌာန ဒုတိယဝန်ကြီး အဖြစ် ခူထဲဘူး၊ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ဒေါ်ခင်မမမျိုးနှင့် နိုင်ကောင်းရွက် ၊ ဖက်ဒရယ် ပြည်ထောင်စု ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးချစ်ထွန်းနှင့် မိုင်းဝင်းထူး၊ စီမံကိန်း၊ဘဏ္ဏာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးချုပ်အဖြစ် မင်းဇေယျဦး၊ လူသား ချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် နော်ထူးဖောတို့ ဖြစ်သည်။

ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဂျာထွယ်ပန်၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဒေါက် တာရွှေပုံ၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ခွန်းဘီထူး၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ဒေါ်အိသဉ္ဇာမောင်တို့ ပါဝင် သည်ကို တွေ့ရသည်။

CRPH အနေဖြင့် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီ နည်း ကျ အပ်နှင်းလိုက်သည့် အာဏာကို ကျင့်သုံးလျက် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၉/၂၀၂၁) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အရ အထက်ပါ ပုဂ္ဂိုလ်များအား ယှဉ် တွဲတာဝန်များ အပ်နှင်း၍ အမျိုးသား ညီညွှတ်ရေး အစိုးရကို ဖွဲ့စည်းလိုက်သည်ဟု ဆို သည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ ၂၀၂၁ ခုနှစ်တွင် CRPH က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်း ကြောင်း နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကြေစာတမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ ထုတ်ပြန်ကြေညာပြီး နှစ်ပတ်ကျော်အကြာတွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH မှ ကြားကာလ အမျိုးသားညီညွှတ်ရေး အစိုးရကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...