ကရင်ပြည်နယ်ဘက်မှ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာကြသည့် စစ်ရှောင်များကို ထိုင်း အစိုးရ အနေဖြင့် လူသားချင်စာနာထောက်ထားမှု အကူအညီများ ပေးဖို့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ် သမားများက မေတ္တာရပ်ခံတောင်းဆိုလိုက်သည်။
ဧပြီလ ပထမအပတ်က ပြုလုပ်ခဲ့သည့် ချင်းမိုင်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင် ခဲ့ကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများက တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
ချင်းမိုင်မြို့ ရွှေ့ပြောင်းအလုပ်သမား မေခူးငယ် က “ကျမအနေနဲ့ ထိုင်းအစိုးရကို ကရင်ဒုက္ခသည်တွေအတွက် နေရာတစ်နေရာစာပေ့ါနော်၊ ဒီဘက်မှာပေါ့၊ သူတို့ အရမ်းဒုက္ခရောက်တဲ့အချိန်မှာ ပြေးလာတာဖြစ်တဲ့အတွက် နေဖို့ တစ်ရာစာပဲဖြစ်ဖြစ် ပေးစေချင်ပါတယ်။ ပေး ဖို့လည်းမျှော်လင့်ပါတယ်ပေ့ါ။ သူတို့အရမ်းဒုက္ခရောက် ကြပါတယ်။ လူသားချင်းကိုယ်ချင်းစာတဲ့အနေနဲ့ပေါ့၊ မိခင်တွေလည်းပါတယ်။ ကလေးတွေလည်းပါတယ်။ အသက်ကြီးရွယ်အိုတွေလည်းပါတယ်။ လူမျိုးပေါင်းစုံ ပေါ့နော်။ အမျိုးမျိုးခံစားနေရတယ်။ ကျမတို့က အခု ချိန်မှာ အဆင်ပြေနေတယ်။ သူတို့က အရမ်းဒုက္ခရောက် နေတယ်လို့ ထိုင်းအစိုးရကို နေရာစရာပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။
ကရင်ပြည်နယ်ဘက်မှ ထွက်ပြေးလာကြသူများထဲတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူး စက်ခံထားရသူများ ပါလာမည်ကို စိုးရိမ်သည့်အတွက် ကရင်ဒုက္ခသည်များကို ခိုလှုံနေထိုင်ခွင့်ပြုမှာ မဟုတ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီး က သတင်းမီဒီယာများတွင် ပြောဆိုထားသည်။
ဧပြီလ ပထမအပတ်ထဲမှာတွင် ဒုက္ခသည် အများအပြားဝင်ရောက်လာနေသည့် Sop Moei (ဆွတ်မွိုင်) ခရိုင်၊ မယ့်စရီးယန်း အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများကို ထိုင်းအာဏာပိုင်များက ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေ သည့်အစီအစဉ်ကို သွားရောက် ကြည့်ရှုချိန် ထိုင်းကျန်းမာရေးဝန်ကြီး Anutin Charnvirakul (အနုထင်ချန်ဗီရာ ကူ) က ပြောဆို လိုက်ခြင်း ဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဘန်ကောက်က မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက “ကရင်စစ်ဘေးရှောင် ဒုက္ခသည်တွေ အတွက်ဆိုရင် လူသားချင်းစာနာပြီးတော့မှ ဒီဒုက္ခသည်တွေကို လက်ခံပေးဖို့ သင့်ပါတယ်။ အကယ်၍ ကိုဗစ်ရောဂါတွေပါလာမှာ စိုးရိမ်လို့ ပေးမဝင်ဘူးဆိုတဲ့ အကြောင်းပြချက်မျိုး ရှိခဲ့ရင် သူတို့ စစ် ဘေးရှောင်တွေဟာ တောထဲကတစ်နေရာမှာ စခန်းနဲ့ လုံလုံခြုံခြုံနေရတယ်ဆိုရင် တောထဲမှာ စခန်း တစ်ခုထား ပြီး စစ်ဘေးရှောင်တွေကို ထားမယ်ဆိုရင်လည်း လူ့အခွင့်အရေးရှိစွာနဲ့ လူသားချင်းစာနာစွာနဲ့ စဉ်း စားပေးဖို့ လိုပါတယ်လို့ ထိုင်းအစိုးရကို ပြောချင်ပါတယ်” ဟု ပြောသည်။
စစ်ရှောင်များ ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရေး နေစရာ နေရာက အဓိက လိုအပ်နေသည့်အတွက် ယခုကဲ့သို့ တောင်းဆိုရခြင်း ဖြစ်သည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။
ကရင်စစ်ရှောင်များသည် အာဏာသိမ်းစစ်ကောင်စီတပ်များက လေယာဉ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ကြသည့် အတွက် ၎င်းတို့၏ ကျေးရွာများထဲတွင် လုံခြုံမှု မရှိတော့သည့်အတွက် စစ်ဘေးလွှတ်ရာများသို့ ထွက်ပြေးလာ ကြခြင်းဖြစ်သည်။
ရွှေ့ပြောင်းအလုပ်သမားတစ်ဦး က “ကျမအနေနဲ့ ကရင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ စစ်ဘေးရှောင်တွေအတွက် ထိုင်းအစိုးရအနေနဲ့ လူသားချင်း စာနာစိတ်ထောက်ထားတဲ့အနေနဲ့ သူတို့အတွက် Camp တစ်ခုခုပဲဖြစ်ဖြစ် နေစရာ နေရာတစ်ခုခုပဲ ဖြစ်ဖြစ် ပြင်ဆင်ပေးဖို့ တောင်းဆိုလိုပါတယ်” ဟု ပြောသည်။
ကရင်စစ်ရှောင်များကို ထိုင်းနိုင်ငံဘက်ခြမ်းက ယနေ့အချိန်ထိ လက်မခံသည့်အတွက် ယခုခါ မြန်မာဘက်ခြမ်း သံလွင်မြစ်ဘေးတစ်လျှောက်နှင့် တောတောင်များထဲတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်။
ထိုင်းအာဏာပိုင်များက ကရင်စစ်ရှောင်များအတွက် ထိုင်း-မြန်မာနယ်စပ်တွင် နေစရာ စခန်းများ ပြင်ဆင်ပေး ထားပြီး စစ်ရှောင်များကို လက်ခံသွားရန်ရှိသည်ဟု အစပိုင်းမှာ သတင်းမီဒီယာများတွင် ပြောဆိုထားသော်လည်း လက်တွေ့ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ကွဲလွဲနေသည်။
ကရင်စစ်ရှောင်များသည် လုံခြုံတဲ့နေရာတစ်ခုရရှိဖို့အတွက် အရေးပေါ်လိုအပ်နေသလို ဆန်နှင့် အခြား စား သောက် ကုန်ပစ္စည်းများ၊ မိုးများရွာနေသည့်အတွက် မိုးကာများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ် အသုံးဆောင်များလိုအပ်နေကြောင်း၊ ဝိုင်းဝန်းကူညီပေးကြရန် စစ်ရှောင်များ၊ ကရင်အရပ်ဘက်အဖွဲ့အစည်း များနှင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများက တောင်းဆိုထားကြသည်။







