KNU တပ်မဟာ နယ်မြေ ၇ ခုလုံးတွင် တိုက်ပွဲများဖြစ်၊ အာဏာသိမ်းချိန်မှစ၍ တိုက်ပွဲ ၂၀၀ ကျော်ပြီ

KNU တပ်မဟာ နယ်မြေ ၇ ခုလုံးတွင် တိုက်ပွဲများဖြစ်၊ အာဏာသိမ်းချိန်မှစ၍ တိုက်ပွဲ ၂၀၀ ကျော်ပြီ

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၇ ခုလုံးနှင့် စစ်ကောင်စီ တပ်များအကြား တိုက် ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး ၂ လကျော်အတွင်း အကြိမ်ရေ ၂၀၀ ကျော်ဖြစ်ပွားခဲ့သည်ဟု KNU က ပြောသည်။

စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ KNU/KNLA တပ်မဟာ ၇ ခုလုံးတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU/KNLA ၏ ဧပြီလ ၈ ရက်နေ့(ယနေ့) ထုတ်ပြန် ချက်ထဲတွင် ထည့်သွင်းထားသည်။

KNU က “စစ်တပ်မှ အာဏာသိမ်းပြီးသည့် အချိန် နောက်ပိုင်း ကော်သူးလေနယ်မြေအတွင်း ၌ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စု ၏ တပ်များ ပိုမို လှုပ်ရှားသွားလာကြပြီး နယ်မြေကျော်လွန်ခြင်းများကြောင့် တပ်မ ဟာ (၁) သထုံခရိုင်၊ တပ်မဟာ(၂) တောင်ငူခရိုင်၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၄) ဘိတ်ထား ဝယ်ခရိုင်၊ တပ်မဟာ(၅) မူတရော်ခရိုင်၊ တပ်မဟာ(၆) ဒူးပလာယာခရိုင်၊ တပ်မဟာ(၇) ဖားအံခရိုင်များရှိ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့များ နှင့် မကြာခဏဆိုသလို ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲ များ ဖြစ်ပွားခဲ့ကြပါသည်။ အာဏာသိမ်းပြီးသည့် အချိန်မှ စတင်ပြီး ယခုအထိ တိုက်ပွဲ ကြီးငယ်များ အကြိမ် (၂၀၀) ခန့် ရှိခဲ့ ပြီး ဖြစ်ပါသည်” ဟု ပြောသည်။

KNU/KNLA တပ်မဟာ ၆ နယ်မြေ အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက်၍ “ကျနော်တို့ ဒီ ဒူးပလာယာ ခရိုင် ဆိုတော့ ဝင်းရေးမြို့နယ် ကရင်လိုခေါ်ရင်တော့ ဟောင်းကော်ရွာပေါ့ဗျာ။ ဗမာလိုခေါ်ရင်တော့ မာန်အောင် ရွာပေါ့ဗျာ။ မာန်အောင် အဲဒီဂွင် အဲဒီဝန်းကျင်မှာ ဖြစ်သွားတာ ဖြစ်တယ်။ ဒီမှာ သတင်းရထားတော့ ၂ ပွဲ ဖြစ် တယ်။ အဲမှာဆိုရင် KNU က ဆိုရင် တပ်ရင်း ၁၆ ဗျာ။ တပ်ရင်း ၁၆ ရဲ့ ဌာနချုပ်တပ်ခွဲကို ကျနော် တို့ တာဝန်ချ ထားတာ ရှိတယ်။ ဆိုတော့ တပ်ရင်း ၁၆ တပ်ရင်း ဌာနချုပ်ရဲ့ လုံခြုံရေး တပ်ခွဲက တာဝန်သွားယူ ထားတယ်။ သူ တို့တပ်ဖွဲ့က တက်လာတယ် အကြောင်းမကြား ဘာမကြား၊ ဒီမှာက အကြောင်း မကြားဘဲ ဝင်လာရင်တော့ ကျနော်တို့ ပစ်မယ့်ခတ်မယ့် အမိန့်က ထုတ်ထားတာဆိုတော့” ဟု ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စ တန် ဟု ဧပြီလ ၆ ရက်နေ့က ပြောသည်။

KNU/KNLA နှင့် စစ်တပ်တို့အကြား တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များမှ လေယာဉ်ဖြင့်သော်လည်းကောင်း လက်နက်ကြီးများ ဖြင့် သော်လည်းကောင်း ပစ်ခတ်မှုများကြောင့် ဒေသခံများမှာ သေဆုံးဒဏ်ရာရရှိသည့်အပြင် သုံးသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည် KNU က ဆိုသည်။

“ကော်သူးလေ နယ်မြေ အတွင်းရှိ ခရိုင်၊ တပ်မဟာ (၇) ခု လုံးတွင် အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စု လက် အောက်ခံတပ်များ ၏ တိုက်လေယာဉ်ပျံများ အသုံးပြု ပစ်ခတ်ခြင်းကြောင့်သော်လည်းကောင်း၊ လက်နက်ကြီး များ ပစ်ခတ် ခြောက်လှန့်ခြင်းကြောင့် သော်လည်းကောင်း ထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက်မှာ (၃ သောင်း) ကျော် ရှိနေပြီး ဖြစ်ပါသည်။ လက်ရှိ အခြေအနေအရ ကော်သူးလေ နယ်မြေ အတွင်း နေထိုင် နေကြ ရသော ပြည်သူလူထုများ အနေဖြင့် ကြောက်ရွံ့ထိတ်လန့်စွာ အသက်ရှင်နေရပါသည်။ စစ်ဘေးရှောင်ပြည်သူ များ အနေဖြင့် အစားအစာ၊ အဝတ်အထည်၊ နေရာထိုင်ခင်း အခက်အခဲ့ ပြဿနာများကို ရင်ဆိုင် ကြုံတွေ့ နေရ ပါသည်” ဟု KNU ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

မတ်လ ၂၇ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီတပ်များမှ တပ်မဟာ ၃ နှင့် ၅ တို့တွင် တိုက်လေယာဉ်များဖြင့် နေရာ ၉ ခု ကို ၆ ရက်အတွင်း ၁၅ ကြိမ်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ဖာပွန်ခရိုင်အတွင်း စစ်တပ်က လေယာဉ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် သံလွင်မြစ်ဘေးတစ်လျှောက် စစ်ဘေး တိန်းရှောင်နေရသည့် ဒေပူနို ကျေးရွာက စစ်ရှောင်တစ်ဦး က “အခုက ကျနော်မှာ စားစရာမရှိဘူး။ ဆန်လေး နည်းနည်းပဲရှိတယ်။ လိုအပ်ချက်တွေကတော့ အများကြီးပဲ။ အိပ်တော့ လည်း မိုးရွာထဲအိပ်ရတယ်။ မိုးအရမ်း ရွာတယ်။ ခြင်လည်းကိုက်တယ်။ ခြင်ထောင်လည်းမရှိဘူး။ ကာဖို့ အတွက် မိုးကာတို့ တာလပတ်တို့လည်း မရှိ ဘူး”ဟု သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်၏ ရုပ်သံအင်တာဗျူးတစ်ခု တွင် ပြောထားသည်။

ထိုအပြင် အာဏာသိမ်းစစ်ကောင်စီ တပ်များမှ လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် မူတြော်ခရိုင်၊ တပ်မဟာ (၅) နယ်မြေအတွင်းရှိ အထက်တန်းကျောင်း (၂) ကျောင်း ဖြစ်သော ဒေဘူးနိုအထက်တန်းကျောင်း၊ ဒေါ်ကူထာ အထက်တန်းကျောင်းနှင့် ဒေဘူးနို ဆေးရုံတို့ကို ထိမှန်ပျက်စီးခဲ့သည့်အပြင် ဒေသခံပြည်သူများ၏ နေအိမ်များ၊ စားနပ်ရိက္ခာသိုလောင်သည့် နရာများနှင့် အိမ်မွေးတိရစ္ဆာန်များပါ သေကြေပျက်စီးခဲ့သည်ဟု KNU က ပြော သည်။

လက်ရှိတွင် နှစ်ဖက်တပ်များအကြား စစ်ရေးတင်းမာမှုများရှိနေသည့်အပြင် စစ်ကောင်စီ၏ လက်နက်ကိုင်တ ပ်များမှ KNU/KNLA တပ်မဟာ အသီးသီးသို့ တင်အင်အား ဖြည့်တင်းမှုများရှိနေသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည့် အနေအထားတွင် ရှိနေသည်ဟု KNU/KNLA နှင့် ဒေသခံများက ဆိုသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...