အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် ဆားလုပ်ငန်း အရှုံးပေါ်နိုင်ဟုဆို

အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် ဆားလုပ်ငန်း အရှုံးပေါ်နိုင်ဟုဆို

ယခုဧပြီလရက်ပိုင်းအတွင်းတွင် အချိန်အခါမဟုတ်မိုးရွာသွန်းမှုများကြောင့် ဒီဂရီပြည့်မှီပြီးဆားရည်များနှင့် ဆားကြမ်းများစွာ ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် ယခုနှစ်ဆားလုပ်ငန်း အရှုံးပေါ်နိုင်ကြောင်း ဆားတောင်သူများက သုံးသပ်ပြောဆိုနေကြသည်။

ဧပြီလဆန်း ပထမပတ်အတွင်း မွန်ပြည်နယ်တဝန်း အချိန်အခါမဟုတ် နေ့စဉ်မိုးရွာသွန်းခဲ့ပြီး နေရောင်ခြည်ကို အဓိကအားထားနေရသည့် သံဖြူဇရပ်မြို့နယ်မှ နေလှမ်းဆားကွက်များရှိ ဆားအစိုင်အခဲများ မိုးရေများတွင်ပျော်ဝင်ပျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ဆားတောင်သူ ဦးကျော်သူက “မိုးကြီးတော့ ဆားတွေအကုန်ပျက်စီးသွားတယ် ဒီလက ဆားထွက်တဲ့လဆိုပေမယ့် ရာသီဥတုကဖောက်သွားတော့ ဆားလုပ်ငန်းသမားတွေ တော်သင့်ရုံလောက်ရုံးကြမယ်ထင်တယ် ပျက်စီးတာတွေကိုလည်း ကြိုးစားပြုပြင်နေပါပြီး၊ မိုးရွာထားတော့ ဆားဈေးက ၆၀ ကနေ ၇၀ နီးပါးလောက်ပဲ တက်သွားတာတောင် ဝယ်တဲ့လူကမရှိဘူး” ဟု ပြောသည်။

ထို့အပြင် လက်ရှိနိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင့် လုပ်ငန်းအများစုရပ်ဆိုင်းနေခြင်း၊ ဆားအရောင်းအဝယ်မရှိခြင်း၊ ဆားအထွက်နှုန်းလျော့နည်းခြင်း၊ ငါး၊ပုဇွန်ဖမ်းဆီးရရှိမှုနည်းပါးခြင်း၊  ဆားဈေးကွက်မရှိခြင်းတို့ကြောင့် မိမိအနေဖြင့် ယခုနှစ်တွင် ငွေကျပ်သိန်း ၃၀၀ ခန့် အရှုံးပေါ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

သို့ရာတွင် ယခုနှစ် ဆားတောင်သူများအတွက် အစိုးရချေးငွေထုတ်ပေးခြင်းမရှိသေးသလို ကိုဗစ်ကာလချေးငွေများကိုလည်း ပြန်ဆပ်ရန် အကြောင်းကြားလာခြင်းမရှိသေးကြောင်း ဆားတောင်သူများမှ သိရသည်။

“ ကိုဗစ်မှာတုန်းက သိန်း ၂၀၀ ရထားတယ် ပြန်ဆပ်ဖို့တော့ ဘာမှအကြောင်းမကြားသေးဘူးပေါ့ ဒီအခြေအနေမျိုးဆိုရင် ဒီနှစ်လည်း ဆားလုပ်ငန်းသမားတွေ ငွေရေးကြေးရေးပြသနာတွေ ရှိနေအုံးမှာပဲ” ဟု ပငဆားလုပ်ငန်းရှင် ဦးကျော်သူက ပြောသည်။

ပင်လယ်ရေငံမှထုတ်ယူသည့် နေလှန်းဆားလုပ်ငန်းကို နှစ်စဉ် အောက်တိုဘာလမှ မေလအထိလုပ်ကိုင်ကြပြီး  ထွက်ရှိလာသည့်ဆားများကို ရန်ကုန်၊ မန္တလေး၊ တနသာၤရီတိုင်းဒေသကြီးနှင့် ငါးလုပ်ငန်းများလုပ်ကိုင်သည့် နေရာများသို့ အဓိကဖြန့်ဖြူးရောင်းချခဲ့ကြသည်။

May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...