ရှမ်းပြည်နယ် မြောက်ပိုင်းက နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသား လက်ကိုင်အဖွဲ့များအချင်းချင်းကြား ဧပြီလ ဆန်း အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ဒေသခံရွာသား ၁၅၀၀ ကျော်ခန့် စစ်ဘေးတိမ်းရှောင် နေကြရသည်။
နမ္မတူမြို့နယ်အတွင်းရှိ ပန်လုံနှင့် မန်လီကျေးရွာတို့အတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပူးပေါင်း တပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် အကူအညီပေးနေသူများကပြောသည်။
နမ္မတူ ဒေသခံတစ်ဦး က “အခုလောလောဆယ်က ဒီနေ့က မန်လီမှာ ဆက်ဖြစ်တယ်ပေါ့။ အထူးသဖြင့် ဖြစ်နေ တာက TNLA ရယ်၊ SSPP ပူးပေါင်းတပ်ဖွဲ့နဲ့ RCSS တို့ဖြစ်နေတာ။ ဒါကတော့ ဒီနေ့ မန်လီမှာ ဖြစ်ပျက်နေတဲ့ ဟာပေါ့။ ဒီနေ့ ဖြစ်တယ် နေ့ လယ် ၁၂ နာရီလောက် စဖြစ်တယ်။ ရွာသားတွေက သီပေါကို ထွက်ပြေးတယ်။ ဘာလို့ သီပေါဘက်ကို ထွက် ပြေးရလဲဆိုရင် RCSS က ရွာထဲဝင်လာပြီးတော့မှ သူတို့က သေနတ်တွေနဲ့ ပစ် တော့ ရွာသားတွေက မနေရဲတော့ ဘူး။ မနေရဲတော့ သီပေါထွက်ပြေးသွားတာ။ ရွာသားတွေ သီပေါထွက် ပြေး သွားတာနဲ့ တိုက်ပွဲက စတော့တာ” ဟု ပြောသည်။
နမ္မတူမြို့နယ် မန်လီကျေးရွာအတွင်း ဧပြီလ ၆ ရက်နေ့ (ယနေ့) ညနေပိုင်းအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေပြီး ကျေးရွာထဲရှိ နေအိမ်အချို့လည်း မီးလောင်သွားသည်ဟု ဆက် ပြော သည်။
“ဒီနေ့က မန်လီမှာက မီးလောင်တဲ့အိမ် အတိအကျ ဘယ်သူမှ မသိရသေးဘူး။ လောင်တာကတော့ လောင်တယ် နော်။ တိုက်ပွဲက အခုချိန်ထိ သေနတ်သံ ထွက်နေတုန်းပဲဆိုတော့။ ဘယ်သူမှလည်း သွားသွားလာလာမလုပ်ရဲ ဘူး။ ဘယ်သူမှလည်း ရွာထဲမှာ ဝင်ပြီးတော့ မှ မကြည့်ရဲသေးဘူး။”
နမ္မတူမြို့နယ်၊ မန်လီကျေးရွာမှ ဒေသခံ ၅၀၀ ကျော်သည် ယခု သီပေါမြို့သို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။
“သီပေါရောက်တော့ စားသုံးသူရေးရာဂိုဒေါင်မှာရယ်၊ နောက်ရေဟော်ကျောင်းမှာရယ်ပေါ့နော်။ နှစ်နေရာ သူ တို့ စီစဉ် ပေးကြတာပေါ့။ ရေဟော်မှာတော့ လူဦးရေ ၃၀၇ ဦးတဲ့။ ကျားက ၁၆၅၊ မ က ၁၄၀ ကျော်ပေါ့နော်။ အိမ် ထောင်စု ၉၁ စုပေါ့၊ အကြမ်းဖျင်းပေါ့။ ဟိုဘက်မှာက ၂၄၂ လားမသိဘူး လူဦးရေက။ အဲ့ဘက်ကျတော့ စာ ရင်းတော့ မရသေးဘူး။ အခုလာတဲ့ရွာက မန်လီရွာပေါ့နော်။ ပန်လုံကတော့ ပန်လုံ မှာပဲရှိနေတယ်။ ဒီနေ့သီပေါ ကို ရှောင်လာတာက မန်လီရွာကပေါ့။ အားလုံးပေါင်းဆိုရင် ၅၀၀ ကျော်ကျော်လေး ရှိပြီပေါ့” ဟု စစ်ရှောင်များ အား သွားရောက်ကူညီနေသည့် လူမှုကူညီရေးအသင်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။
ယခုခါ သီပေါမြို့ရှိ ရေဟော်ဘုန်းတော်ကြီးသင် စာသင်ကျောင်းနှင့် စားသုံးသူရေးရာဂိုဒေါင်တွင် စစ်ရှောင်များ ခေတ္တခိုလှုံ နေထိုင်နိုင်ရေးအတွက် သီပေါဒေသခံများ၊ ရပ်မိရပ်ဖများနှင့် အကူအညီပေးနေသူများက စီစဉ်ပေး ထားရသည် ဟု ပြောသည်။
“သူတို့အတွက် အဓိကက စားသောက်ကုန်ပေါ့၊ ကျနော်တို့ ဒီနေ့တော့ အတတ်နိုင်ဆုံး ဆန်၊ ဆီ၊ ဆား ဟင်းချက်
စရာလေးပေါ့၊ စားသောက်ကုန်တော့ လောလောဆယ် စီစဉ်ပေးထားတာပေါ့” အကူအညီပေးနေသူက ပြော သည်။
မန်လီကျေးရွာအပြင် ပန်လုံကျေးရွာအတွင်း တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းကြား ဖြစ်ပွားခဲ့သည့် တိုက် ပွဲများ၊ ပစ်ခတ်မှုများကြောင့် ဒေသခံတစ်ထောင်ကျော် နေရပ်စွန့်ခွာနေရပြီး ပန်လုံကျေးရွာမှ နေအိမ် ၂၈ လုံး လည်း မီးလောင်ပျက်စီးခဲ့ရသည်ဟု ဒေသခံများ က ပြောသည်။
“ဒါပေမယ့် ပန်လုံမှာကတော့ တိုက်ပွဲစဖြစ်တာက ဒီ ၂၈ ရက်နေ့ ၃ လ ၂၀၂၁ ကနေ စပြီးတော့မှ တမြန်နေ့အထိ ပေါ့ တိုက်ပွဲကတော့ ဖြစ်နေတယ်။ မနေ့ကစပြီးမှ ဒီနေ့အထိ ပန်လုံဘက်ကမှာက တိုက်ပွဲက ရပ်နေသေးတယ်။ ဒါပေမယ့် အခြေအနေက တင်းမာနေတဲ့အခြေအနေရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် တဖက်မှာက RCSS ရှိနေ တယ်။ ရွာထဲမှာကိုက တပ်ရှိနေတယ်။ ပြီးတော့ ရွာပြင်ရဲ့ နောက်တစ်ဖက်မှာလည်း SSPP တို့ရှိနေတယ်။ မနေ့ တုန်းက ၂၃ အိမ်လောင်တယ်။ မနေ့တုန်းက အများကြီးလောင်သွားတာပေါ့။ နောက် ဒီ ၂၉ ရက်နေ့လောက် ဖြစ်မယ်ထင်တယ်။ အဲ့နေ့ကတော့ ၅ အိမ်လောင်ထားတယ်” ဟု အမည်မဖော်လိုသူ နမ္မတူ ဒေသခံတစ်ဦးက ပြောသည်။
ပန်လုံကျေးရွာမှ စစ်ရှောင်များမှာ ယခုခါ ရေအိုးကျေးရွာ၊ ပန်သပြေကျေးရွာနှင့် မန်စံကျေးရွာများတွင် စစ်ဘေး တိန်းရှောင်နေရပြီး ၎င်းတို့အတွက်လည်း စားနပ်ရိက္ခာများ အဓိကလိုအပ်နေသည်ဟု အဆိုပါ ဒေသခံက ဆက် ပြောသည်။
“ရွာသားတွေ စထွက်ပြေးတဲ့နေ့ကတော့ ၂၈ ရက်နေ့ ၃ လကတည်းက စပြီးထွက်ပြေးသွားတာ ဖြစ်တယ်။ ထွက်ပြေးတဲ့ရွာက ရေအိုးရွာဘက်တစ်ဖွဲ့ ထွက်ပြေးတယ်။ နောက်ထပ် ပန်သပြေရွာဘက် တစ်ဖွဲ့ထွက်ပြေး သွားတယ်။ ပြီးနောက်တစ်ဖွဲ့ မန်စံရွာဘက်တစ်ဖွဲ့ပြေးသွားတယ်။ လူဦးရေက ၁၀၀၀ အထက်လောက်ရှိတယ်။ အဓိက လို အပ်နေတာက စားသောက်ပိုင်းပေါ့နော်၊ နောက်တစ်ခုက ကျန်းမာရေးပိုင်းပေါ့။ ပြီးရင် အမျိုးသမီး တွေ သုံးနေတဲ့ ပစ္စည်းတွေ အဲ့ဟာတွေလည်း လိုအပ်နေသေးတယ်။”
တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ နှစ်ဖက်တပ်များအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ် ၍ မရခဲ့ပေ။
သီပေါမြို့နယ်ရှိ ကုန်းဆာကျေးရွာအုပ်စုအတွင်းက ကျေးရွာများအနီး မတ်လ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် SSPP/SSA နှင့် RCSS/SSA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူ ၃၀၀ ကျော် စစ်ဘေးတိန်းရှောင်နေရ သည်ခဲ့ကြရသည်။
ထို့အပြင် ဖေဖော်ဝါရီလ ဒုတိယအပတ်က SSPP၊ TNLA ပူးပေါင်းတပ်ဖွဲ့ နှင့် RCSS တပ်တို့အကြား ကျောက်မဲ မြို့နယ် တော့ဆန်၊ လွယ်အံကျေးရွာအုပ်စုနှင့် နမ္မတူမြို့နယ် မန်ဝါကျေးရွာအနီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ သည့် အတွက် ဒေသခံရွာသား တစ်ထောင်ကျော် ထွက်ပြေးတိမ်ရှောင်ခဲ့ကြရသည်မှာ ယနေ့အထိ အချိန်ထိ နေရပ်မပြန်ပဲ စစ်ဘေးတိမ်းရှောင်နေကြရဆဲ ဖြစ်သည်။







