ကချင်ပြည်နယ်တွင် စစ်ရေး တင်းမာနေ

ကချင်ပြည်နယ်တွင် စစ်ရေး တင်းမာနေ

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီမှ တပ်အင်အား တိုးချဲ့မှုများရှိနေသည့်အတွက် နှစ်ဖက်စစ်ရေး တင်းမာနေပြီး တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေသည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA ပြော သည်။

လက်ရှိတွင် ကြီးမားပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားမှုမရှိသော်လည်း တိုက်ပွဲငယ်များမှာ ဆက်လက် ဖြစ်ပွား နေဆဲ ဖြစ်သည်ဟု KIO/KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

၎င်းက “အခုအချိန်က အားလုံးကတော့ စစ်ရေးအခြေအနေက တင်းမာနေတဲ့ အနေအထားဖြစ်ပါတယ်။ မရှိ ဘူးလို့ ပြောလို့မရဘူး။ ဒါပေမယ့် ကျနော်ကတော့ Confirm ပေးနိုင်တဲ့ အနေအထားလောက် ဖြစ်တဲ့ ဒီတိုက်ပွဲ တွေကို ပြောတာပါ။ ဟိုပြောက်ကျားစစ်တွေ နောက်ပြီးတော့ ရင်ဆိုင်တိုက်ပွဲတွေ ဒီအနည်းအကျဉ်းတွေ က တော့ နေရာတကာမှာ ဖြစ်တဲ့ အနေအထားဖြစ်ပါတယ်။” ဟု ပြောသည်။“တိုက်ပွဲကြီးတွေကတော့ မရှိဘူးပေါ့။ ထိုး စစ်ဆင်တဲ့ တိုက်ပွဲကြီးတွေတော့ မရှိဘူးလို့တော့ ပြောလို့ရပါတယ်” ဟု ဆက်ပြောသည်။

မတ်လ အတွင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးတစ်လျှောက်၊ မိုးညှင်း၊ ဖားကန့်၊ တနိုင်း-လီဒိုလမ်းမတစ်လျှာက်၊ အင်ဂျန်းယန်၊ နမ္မတီး၊ ဆွမ်ပရာဘွမ်မြို့နယ်တဝိုက်နှင့် ဆဒုံးမြို့နယ်တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလျှက် ရှိသည်။

တိုက်ပွဲငယ်များ ဖြစ်ပွားနေသည့် တစ်ဖက်တွင် စစ်ကောင်စီ၏တပ်ဖွဲ့များက တပ်အင်အား ဖြည့် တင်းနေသည့်အတွက် နှစ်ဖက် စစ်ရေးတင်းမာမှုများရှိနေပြီး ကြီးမားပြင်းထန်သည့် တိုက်ပွဲများ ထပ်မံဖြစ်ပွား လာနိုင်သည်ဟု KIO/KIA က ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက “ကြားသလောက်ကတော့ ကျနော်တို့ ကချင်ပြည်နယ်ဖက်မှာလည်း စစ်အင်အားတွေ တိုး ထားတယ်ဆိုတဲ့ သတင်း ကျနော်တို့ကြားပါတယ်။ တိုးထားတာ ထပ်တိုးထားတာပေါ့။ မြစ်ကြီးနားမှာလည်း စစ်အင်အားတွေကတော့ ပြန်တိုးထားတယ်ဆိုတဲ့ သတင်းကျနော်တို့ ကြားပါတယ်။ ပြီးတော့ ရှေ့တန်းစခန်း တွေမှာလည်း စစ်အင်အားတွေ ထပ်တိုးထားတယ်ဆိုတဲ့ သတင်းကြားပါတယ်။ တပ်မတော် ဖက်ကနေ လှုပ်ရှား လို့ရှိရင်တော့ တိုက်ပွဲကြီးတွေတော့ ဖြစ်လာနိုင်ပါတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များနှင့် KIO/KIA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သကဲ့သို့ ရှမ်း ပြည်နယ် မြောက်ပိုင်းရှိ လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ပန်းခါးကျေးရွာအနီးတွင် ဧပြီလ ၄ ရက်နေ့ (ယမန် နေ့) တွင် စစ်ကောင်စီတပ်များနှင့် KIO/KIA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု လားရှိုးအခြေစိုက် ရွှေဖီမြေ သတင်းဌာနက ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကား၍ သတင်းရေးသားထားသည်။

လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ပန်းခါးကျေးရွာအနီးက တိုက်ပွဲနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူ က “ထိတွေ့ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်မှာပါ။ ကျနော်ကတော့ မကြားမိပါဘူး။ ဟိုလိုင်းပေါ်ကသတင်းလောက်ပဲ ကြားပါ တယ်။ ကျနော်က အဲဒါတော့ အတည်ပြု ပြောလို့ မရဘူး။ ကျနော်တို့ တပ်ပိုင်းဆိုင်ရာပေါ့နော်။ အောက်ခြေက သတင်းတွေ အတည်ပြုနိုင်တဲ့သတင်းတွေ မရသေးဘူးခင်ဗျ” ဟုပြောသည်။

အဆိုပါတိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်များက ဒေသခံ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည် ဟု ရွှေဖီမြေသတင်းဌာနက ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လ လကုန်ပိုင်းလောက်က KIO/KIA က ကချင်ပြည်နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ အလော့ဒ်ဘွမ် တပ်စခန်းကုန်းနှင့် အခြား စစ်ရေးအရ အရေးပါသည့် တပ်စခန်းကုန်းအချို့ကို ဆက်တိုက်ဆိုသလို ဝင်ရောက်တိုက်ခိုက် သိမ်း ယူပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာမှုများ ဖြစ်လာခဲ့ပြီး တိုက်ပွဲများလည်း ဆက် လက်ဖြစ်ပွားနေသည်မှာ ယခု အချိန်အထိ ဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...